ချင်းပြည်နယ်၊ ဟားခါးမြို့အား Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်တက်ရောက်

ဟားခါး           အောက်တိုဘာ           ၁၄

ချင်းပြည်နယ်၊ ဟားခါးမြို့အား ကိုဗစ်-၁၉ ရောဂါကူးစက်မှုလျော့နည်းကျဆင်းလာရေးအတွက် Lock down သတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အသင်းတော် အသီးသီးမှ သိက္ခာတော်ရ ဆရာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အတွင်းရှိ Stay at Home မြို့နယ်အဖြစ် သတ်မှတ်သည့် ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်တို့တွင် ကိုဗစ်-၁၉ ကူးစက်မှု သိသိသာသာလျော့နည်းကျဆင်းလာသည့်အတွက် အဆိုပါမြို့နယ်များအား Stay at Home မြို့နယ် များအဖြစ်မှ ဖြေလျှော့ပေးနိုင်ရေးအတွက် တင်ပြထားပြီးဖြစ်ကြောင်း၊ ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းကျဆင်းမှု မရှိသေးသည့်အတွက် ၁၅.၁၀.၂၀၂၁ ရက်မှ ၃၁.၁၀.၂၀၂၁ ရက်နေ့အထိ Lock down ချထားနိုင်ရေး ဟားခါးမြို့ရှိ သိက္ခာတော်ရ ဆရာတော်များနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ အချို့ ကိုဗစ်-၁၉ လူနာများသည် မိမိနေအိမ်များတွင် ကုသမှုများရှိသည်ကိုသိရကြောင်း၊ မိမိနေအိမ်များတွင် ရောဂါကုသမှုမပြုဘဲ သတ်မှတ်သည့်ဆေးရုံနှင့် ကုသရေးစင်တာများတွင်သာ ကုသမှုခံယူစေရေး ကြပ်မတ် ပေးကြရန် လိုကြောင်း၊ မကြာမီ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံရေးအတွက် ဆရာတော်များအနေဖြင့် ကျောင်းသား မိဘများအား တိုက်တွန်းပေးစေလိုကြောင်းနှင့် ဟားခါးမြို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း ကျဆင်းရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပေးနေမှုနှင့် ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ Lock down ကာလအတွင်း စည်ပင်သာယာစျေးများအား၊ နံနက်(၆)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့် လှစ်ရေး၊ ဆေးဆိုင်နှင့်ဆေးခန်းများ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပုံမှန်ဖွင့်လှစ်ရေးကိစ္စများကို လည်းကောင်း၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ စတီဗင် လျန်ဟုပ်လိန်း နှင့် သိက္ခာတော်ရ ဆရာတော် ဒေးနစ်ငွန်ထောင်းမန်တို့က ဟားခါးမြို့ Lock down ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရေးအတွက် အသင်းတော် များမှတစ်ဆင့် အသိပေးဆောင်ရွက်မှုအခြေအနေ၊ မြို့အဝင်/အထွက်ဂိတ် (၄)နေရာတွင် ကိုဗစ်-၁၉ ရောဂါရှိမရှိ Test Kit ဖြင့် စစ်ဆေးရန် စီစဉ်ထားရှိမှု၊ မိမိနေအိမ်တွင် ကိုဗစ်-၁၉ ရောဂါကုသမှု မပြုဘဲ သတ်မှတ်ထားသည့် နေရာများတွင်သာ ကုသမှုခံယူနိုင်ရေးအတွက် အသင်းတော်များမှတဆင့် နှိုးဆော်ပြီး အားပေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်တက်လမ်း