မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော် ကျလျက်ရှိ

မြို့သစ် အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၅၆၀ ဒသမ ၇၀)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက်(သုည ဒသမ နှစ်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေ အမှတ်မှာ (၆၂၅ ဒသမ ၄၀) ပေရှိသည့်အတွက် (သုည ဒသမ လေးပေခန့် ) ရေပိုလွှဲမှဆက်လက်ရေ ကျော်ကျ လျက်ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ၏ ရေပိုလွှဲမှ  ဆက်လက်ရေကျော်ကျမှု ရှိသော်လည်း  ဆည်အနီးအနားရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)