ငဖဲ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အောက်တိုဘာလ ဒုတိယပတ်အတွင်း မိုးများ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မိုးရေများဝင်ရောက်လာပြီး မန်းချောင်း ရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ရေပိုလွှဲများမှ ယမန်နေ့ကစ၍ ရေကျော်လျက်ရှိရာ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ဆည်ရေပြည့် အမှတ်ထက် ကျော်လွန်လာ၍ ရေကျော်ကျလျက်ရှိနေကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုဦးထံမှ သိရသည်။
အဆိုပါ မန်းချောင်းရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၂၅ ပေဖြစ်ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ ၆၂၅.၃ ပေရှိသည့်အတွက် ရေပြည့် အမှတ်ထက် (၀.၃)ပေနှင့် ရင်းရှည်ရေလှောင်တမံ၏ ဆည်ရေပြည့်အမှတ်သည် ၆၀၂ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ ၆၀၂.၁ ပေ ရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၀.၁)ပေခန့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိနေသည်။
မြို့နယ်အတွင်းရှိ ရေလှောင်တမံ၊ ရေပိုလွှဲများနှင့် ဆက်စပ်အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်းနှင့် (၂၄)နာရီ ရေကင်း တာဝန်ချထားပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)