တနင်္ဿာရီ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ တမုတ်ချုန်းကျေးရွာအုပ်စု-ရေဖြူကျေးရွာအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်သူ (၈)ဦးအထိ ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းလျော့ကျစေရေးနှင့် ကွင်းစက်ပြတ်စေရေးအတွက် မြို့နယစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်နှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြီးကြပ်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ကျော်ခေါင်၊ မြို့နယ်ကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်သိုက်ထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်ပိုးတွေ့သံသယလူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးသီဟသူတို့ လိုက်ပါသော ပူးပေါင်းအဖွဲ့သည် ရောဂါပိုး အတည်ပြုလူနာများအား အသွားအလာကန့်သတ်၍ ဆေးဝါးကုသမှု ပြုပေးနိုင်ရန်အတွက် ရေဖြူကျေးရွာ ဘက်စုံသုံး CDD ခန်းမဆောင်ကို Covid-19 Positive Centre အဖြစ် တိုးချဲ့ ဖွင့်လှစ်နိုင်ရေးနှင့် ရောဂါပိုးအတည်ပြု တွေ့ရှိသူများနှင့် ထိစပ်သည့် မိသားစုဝင်များအား ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေအိမ်များအား စနစ်တကျ Lock Down သတ်မှတ်ပေးခြင်းများကို ကြီးကြပ် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)