တောင်ငူ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့်သူများအား တတိယအသုတ် ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ် အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဆေးထိုးစုရပ်များဖြစ်ကြသည့် ဂေဂိုဂယ်ဘားခရစ်ယာန်ကျောင်း၊ ကေလဇာတီ ဘုရားဝန်း၊ မြစည်းခုံ သာသနာ့ဗိမာန်ဟောင်း၊ မြို့ဦးကျောင်းတိုက် ကေတုမတီမြို့သစ်၊ ဒက္ခိဏရာမ ဘုန်းကြီးကျောင်းတို့၌ ကာကွယ်ဆေးထိုးနှံရန် အုပ်စုများအဖြစ် အသက် ၅၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ EAO များ၊ အကျဥ်းထောင်များမှ အကျဥ်းသား အချုပ်သားများ၊ ဟိုတယ်မိုတယ်နှင့်တည်းခိုခန်း အစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့်စျေးရောင်းချသူများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါအခံရှိသူများအား ထိုးနှံပေးလျှက်ရှိရာ ဆေးထိုးစုရပ် တစ်ခုလျှင် ဦးရေ ၃၀၀ နှုန်း ဖြင့် လူဦးရေ ၁၅၀၀ ဦးအား ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ဆေးထိုးစုရပ်များ၌ ပထမအကြိမ်လာရောက် ထိုးနှံပြီးစီးသူများအား ဒုတိယအကြိမ်ထိုးနှံမည့် သက်မှတ် ရက်များတွင်လည်း မပျက်မကွက် လာရောက်ထိုးနှံ နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
ဇော်ထက် (ခရိုင်ပြန်/ဆက်)