ကော့သောင်း အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေအား ကြည့်ရှုကာ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့၊ ရွှေမင်းဝံပုညကုသလ ဘုန်းတော်ကြီးကျောင်းနှင့် ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီး ကျောင်းတိုက်များ သို့ လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ရွှေပြည်သာရပ်ကွက်၊ ပတ္တမြားပရိယတ္တိစာသင်တိုက် စာသင်သံဃာများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်းများအားလည်းကောင်း၊ မလိဝမ်း ဘုန်းတော်ကြီး သင်စာသင်ကျောင်းတွင် မိဘမဲ့ကလေးများအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်များအား လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် တဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံ ကုမ္ပဏီ လီမီတက်မှ တာဝန်ယူတည်ဆောက်မည့် အောက်ဆီစက်ရုံသို့လည်းကောင်း၊ အေးမြကန်သာ ရပ်ကွက်၊ ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအားလမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)