ပခုက္ကူမြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပ

ပခုက္ကူ  ဩဂုတ် ၁၈

ပခုက္ကူမြို့နယ်၊ လယ်ယာအုပ်စု၊ ဆင်ဖြူကုန်းကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)ဖြင့် လျှပ်စစ်မီးလင်း အောင်ပွဲဖွင့်ပွဲကို ယနေ့ နံနက် ၈နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ လျှပ်စစ်မီးလင်းအောင်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေ၊ လယ်ယာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးဝင်းနှင့် ဆင်ဖြူကုန်း ကျေးရွာမီးလင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဝေက လှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဆွေးနွေး သည်။ ဆက်လက်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင် နှင့်ကျေးရွာတာဝန်ရှိသူများက ဂုဏ်ပြုစကားနှင့် ကျေးဇူးတင် စကားများ ပြောကြားကြသည်။

ပခုက္ကူမြို့နယ်တွင် ဆင်ဖြူကုန်းကျေးရွာအပါအဝင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဩဂုတ် ၁၈ရက်အထိ ကျေးရွာ ၁၀ ရွာ၌ မီးစတင်လင်းပေးနေပြီဖြစ်ကြောင်း သိရှိရသည်။

ကိုဇော်(ဓာတု)