ဦးဇေယျမင်း (ဥက္ကဋ္ဌ-မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့)
မေး။ အသက် (၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမယ့် လုပ်ငန်းအတွက် ကျုံပျော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ စီမံဆောင်ရွက်ထားမှုကို သိလိုပါတယ်။
ဖြေ။ ကျွန်တော်တို့မြို့နယ်အနေနဲ့ အသက်(၁၂)နှစ်နှင့်အထက်ကလေးတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အတွင်းမှာရှိတဲ့ရပ်ကွက်၊ ကျေးရွာအားလုံးမှာကာကွယ်ဆေးထိုးမယ့် ဆိုင်းဘုတ် တွေစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသံချဲ့စက်များဖြင့်ကြေငြာခြင်းတို့ကို ဆောင်ရွက်ပြီး ပြည်သူ အားလုံးသိရှိအောင် လှုံဆော်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါတယ်။
ထို့အပြင် သက်ဆိုင်ရာ စာသင်ကျောင်းများအားလုံးမှာလည်း ဆေးထိုးနှံဖို့ အသိပညာပေးလုပ်ငန်းတွေကို အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနဲ့ ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားမိဘတွေကို ခေါ်ယူတွေ့ဆုံခြင်း၊ အသိပညာပေးခြင်းနဲ့ ဆေးထိုးနှံဖို့ သဘောတူညီချက်ရယူခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ဆေးထိုးနှံဖို့ကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲတွေနဲ့ အနီးဆုံးနေရာတွေကိုရွေးချယ်ပြီး စနစ်တကျဆောင်ရွက်ထားပါတယ်။ မိမိတို့မြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုနှုန်း များခဲ့ပေမယ့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်ခဲ့လို့ ယခုပိုးတွေ့မှု နှုန်းလျှော့ကျပြီး၊ ရောဂါကာကွယ်ဆေးများကိုလည်း များစွာထိုးနှံပေးနိုင်နေပြီဖြစ်ပါတယ်။
အခုလည်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးပေးမှာ ဖြစ်တဲ့အတွက် အားလုံးက ဒီရောဂါဆိုးကြီးကို ဝိုင်းဝန်းတိုက်ထုတ်တဲ့အနေနဲ့ စိုးရွံ့မှုကင်းစွာနဲ့ မပျက်မကွက် လာရောက်ထိုးနှံကြဖို့ တိုက်တွန်းနှိုးဆော် လိုပါတယ်။
ဦးအုန်းကျော် (ကျုံပျော်မြို့နယ် တွဲဘက်ပညာရေးမှူး)
မေး။ ဆရာကြီးတို့ ပညာရေးဌာနအနေနဲ့ အသက်(၁၂)နှစ်နဲ့အထက် ကျောင်သား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမယ့်လုပ်ငန်းအတွက် ဘယ်လို စီမံဆောင်ရွက်ထားတယ် ဆိုတာကို သိလိုပါတယ်။
ဖြေ။ ကျွန်တော်တို့မြို့နယ်အနေနဲ့ အထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း (ခွဲ)(၈)ကျောင်း၊ အလယ်တန်း ကျောင်း(၂၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလွန် (၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင်(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂)ကျောင်း ၊ စုစုပေါင်းကျောင်း (၇၀) မှာရှိတဲ့ အလယ်တန်းနဲ့ အထက်တန်းအဆင့်တို့မှ အသက်(၁၂)နှစ်ပြည့်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူ (၇၁၀၃)ဦးတို့ကို ကာကွယ်ဆေးထိုးနှံဖို့ရှိပါတယ်။
ဆေးထိုးစုရပ်တွေအနေနဲ့ကတော့ အထက(၁)ကျုံပျော်၊ အထက(၂)ကျုံပျော်၊ အထက အထောင်၊ အထက သောင်ကြီး၊ အထက အင်းရဲ၊ အထက ရေစခန်း၊ အထက ဒိုက်ပျက်၊ အထက တောက်တဲ့ရိုး၊ အထက ရေတွင်းရိုး၊ အထက လှည်းဆိပ်၊ အထက မိုးကြိုးပစ်၊ အထက ဆင်ကောင်းကြီး၊ အထက သာယာကုန်း(၂) နဲ့ အထက(ခွဲ) ရှားခဲစတဲ့ ကျောင်းများမှာ ဆေးထိုးစုရပ် (၁၄)ခု စီစဉ်ထားပါတယ်။
ကာကွယ်ဆေးထိုးလုပ်ငန်း စနစ်တကျရှိဖို့နဲ့ အောင်မြင်ဖို့အတွက်လည်း သက်ဆိုင်ရာ ကျောင်းများအသီးသီးက ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ တာဝန်ခံများနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သလို ဆေးထိုးစုရပ်များ စနစ်တကျ ပြင်ဆင်ရေး၊ စာရင်းဇယားများ စနစ်တကျရှိရေးတို့ကိုလည်း စီမံဆောင်ရွက်ထားပါတယ်။
ဆေးထိုးနှံခွင့်ရမယ့် ကျောင်းသားမိဘတွေကိုလည်း တယ်လီဖုန်းဆက်သွယ်၍ သော်လည်းကောင်း၊ အသံချဲ့စက်ဖြင့်ကြေငြာ၍ သော်လည်းကောင်း၊ သက်ဆိုင်ရာကျောင်းအသီးသီးမှာ ခေါ်ယူတွေ့ဆုံပြီး ကာကွယ်ဆေးထိုးခွင့်ရရှိမှု၊ အသက်အန္တရာယ်စိုးရိမ်စရာ မရှိမှု၊ ဆေးထိုးခြင်း၏ ကောင်းကျိုးရလဒ်တို့ကို ရှင်းလင်းပြောကြားခဲ့တဲ့အတွက် ယခင်က ကာကွယ်ဆေးထိုးရန် ငြင်းဆန်ခဲ့သူများ ပင်လက်ခံလာပြီး၊ မိဘများထံမှသဘောတူညီချက်များ ရယူနိုင်ခဲ့ကြပါတယ်။
ဒီလို ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကာကွယ်ဆေးထိုးပြီး ကလေးများအနေနဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချစွာနဲ့ ပညာသင်ကြားနိုင်ခြင်း၊ အခြားသူများအတွက်လည်း ဘေးကင်းစိတ်ချရခြင်း စတဲ့ကောင်းကျိုးတွေရရှိလာမှာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။
ဒေါက်တာ အောင်ဇော်မိုး (မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
မေး။ ဆရာတို့ ကျုံပျော်မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေနဲ့ အသက် (၁၂)နှစ်နဲ့အထက်ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးဖို့အတွက် ဘယ်လိုစီမံဆောင်ရွက်ထားတယ်ဆိုတာပြောပြပေးစေချင်ပါတယ်။
ဖြေ။ ကျွန်တော်တို့ဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီရဲ့ ဦးဆောင်မှု၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့ ကြီးကြပ်လမ်းညွှန်မှုတွေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုတွေမြင့်မား စေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ဦးတည်အုပ်စုတွေသတ်မှတ်ပြီးတော့ ၂၀၂၁ ဇူလိုင်လ တတိယပတ်မှ စတင်ပြီး အသက်(၆၅)နှစ်နှင့်အထက် ဦးတည်အုပ်စုများကိုလည်းကောင်း၊ စက်တင်ဘာလမှစတင်ပြီး အသက် (၅၅)နှစ်နှင့်အထက် အုပ်စုများ ၊ မသန်စွမ်းနှင့် နာတာရှည် ရောဂါရှိသူ များကိုလည်းကောင်း ကာကွယ်ဆေးများ ထိုးနှံခဲ့ပါတယ်။
အခု အောက်တိုဘာ ၁၆ ရက်မှာတော့ အနာဂါတ်ရဲ့မျိုးဆက်သစ်ဖြစ်တဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူ တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေးတော့မှာဖြစ်ပါတယ်။
ဒီလိုထိုးနှံပေးခြင်းအားဖြင့် ကျောင်းပြန်ဖွင့်တဲ့အခါမှာ ဆေးထိုးနှံပြီးကလေးတွေအနေနဲ့ ရောဂါကိုစိုးရွံ့မှုမရှိပဲ ကျောင်းတက်နိုင်မှာ ဖြစ်သလို၊ ကလေးတွေအချင်းချင်းကြားမှာ ရောဂါဖြစ်ပွားမှုကို ဟန့်တားထိန်းချုပ်နိုင်မှာဖြစ်ပြီး၊ စာသင်ကျောင်းမှ တဆင့်ပြည်သူသို့ ရောဂါကူးစက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ကျုံပျော်မြို့နယ်အနေနဲ့ ကျောင်းပေါင်း(၇၀)မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ (၇၁၀၃)ဦးကို အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၂ ရက်နေ့အတွင်းမှာ ပထမအကြိမ် ထိုးနှံခြင်းနဲ့ နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အတွင်းကို ဒုတိယအကြိမ် ထိုးနှံခြင်းများဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး၊ မိမိတို့ကျန်းမာရေးဌာနအနေနဲ့ အဖွဲ့တစ်ဖွဲ့မှာ (၁၅) ဦးစီပါဝင်တဲ့ဆေးထိုးအဖွဲ့ (၉)ဖွဲ့နဲ့ စနစ်တကျ စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဦးသန်းထွန်း (ကျောင်းသားမိဘ-တေဇရပ်ကွက်)
မေး။ ကျောင်းသားမိဘတစ်ဦးအနေနဲ့ အခုကာကွယ်ဆေးထိုးမယ့်အစီအစဉ်ကို သိရှိပါသလား၊ မိမိကလေး ဆေးထိုးနှံရမှာကိုရော ဘယ်လိုခံစားရပါသလဲ။
ဖြေ။ ကျွန်တော့်ကလေးနှစ်ဦးက အထက(၁)ကျုံပျော်မှာ ပညာသင်ကြားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ကာကွယ်ဆေးထိုးနှံ မှုနဲ့ပတ်သက်ပြီး မိဘတွေကို အစည်းအဝေးခေါ်ယူခဲ့လို့ တက်ရောက်ရတဲ့အတွက် ဒီဆေးထိုးနှံမယ့်အစီအစဉ်ကို သိရှိပါတယ်။
အခုလို ရောဂါတွေဖြစ်ပွားနေတဲ့အချိန်မှာ မိမိကလေး ကာကွယ်ဆေးထိုးနှံခွင့်ရမယ်၊ ကျောင်းဖွင့်ရင်လည်း ကာကွယ်ဆေးထိုးပြီး သားဖြစ်တဲ့အတွက် ရောဂါကို ခုခံကာကွယ်နိုင်ပြီး စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်တော့မှာ ဖြစ်တဲ့အတွက် အခုလိုစီစဉ်ပေးတာ ကို ကျောင်းသားမိဘတွေကိုယ်စား ကျေးဇူးလည်းတင်ပါတယ်၊ ဝမ်းသာပိတိလည်းဖြစ်ရပါတယ်။
ခင်မိုးမြင့်၊ လပြည့်ဦး