အုတ်တွင်းမြို့နယ် မီးလောင်ချောင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ ဆဋ္ဌမအကြိမ်ထုတ်ချေးပေး

အုတ်တွင်း အောက်တိုဘာ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ မီးလောင်ချောင်း ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန့်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမြစိမ်းရောင် စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြားခဲ့ပြီး မြစိမ်းရောင် စီမံကိန်းဆောင်ရွက်လျက်ရှိသော၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၆၅)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၃)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ()ဦး၊ စုစုပေါင်း အသင်းသား(၉၀)ဦးအား ငွေကျပ်(၃၈၉)သိန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီအသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)