ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအုပ်စု (Sinopharm) ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေး စကော ကရင်၊ မြန်မာဘာသာတို့ဖြင့် နှိုးဆော်

ကမမောင်း  အောက်တိုဘာ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ရောဂါကွင်းဆက် ပြတ်တောက် နိုင်ရေးနှင့် မိဘပြည်သူများ အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် first dose ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်( ၃)ရပ်ကွက် ရာအိမ်မှူးနှင့် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး အချက်များ၊ မဖြစ်မနေ အရေးကြီးကိစ္စများ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေး အတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့် ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကိုထိုးနှံနိုင်ရေး အချိန်၊ နေ့ရက်နှင့် ထိုးနှံပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေး တိုက်တွန်းနှိုး ဆော်ချက်များကို စကောကရင်၊ မြန်မာဘာသာတို့ဖြင့် ကြေညာပေးခဲ့ ကြောင်း သိရှိရသည်။

လင်းသန့် (ပြန်/ဆက်)