ဟင်္သာတမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဟင်္သာတ အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ  ယမန်နေ့ နံနက် (၉)နာရီက ဟင်္သာတမြို့နယ် သပြုပင်ကျေးရွာအုပ်စုရှိ (အမက) အိုင်ကြီးကျောင်း စုရပ်တွင် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင်နှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် အသက် ၁၆ နှစ်အထက် နိုင်ငံသားစီစစ်ရေး ကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူများအား လည်းကောင်း၊ အသက် ၁၀နှစ်ပြည့်မှ ၁၈ နှစ်ပြည့် လဲလှယ်သူများ၊ နိုင်ငံသား စီစစ်ရေးကတ် ပျောက်ဆုံးပျက်စီးသူများ အားလည်းကောင်း ကျေးရွာနေ ပြည်သူများထံ အရောက်  ကျား (၄၆)ဦး၊ မ(၄၀)ဦး စုစုပေါင်းလူဦးရေ (၈၆)ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ``ပန်းခင်း´´ စီမံချက်ဖြင့်   ကျန်ရှိနေသော ကျေးရွာအုပ်စုများသို့ သက်ဆိုင်ရာ တိုက်နယ်မှူးများနှင့် ရုံးဝန်ထမ်းများက ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လဝကမှူး ဦးမျိုးဝင်းအောင်ထံမှ သိရသည်။

ကိုဇော်