ပိုင်ကျုံ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ထိုးနှံ လျက်ရှိရာ အောက်တိုဘာလ(၁၂)ရက်နေ့အထိ လူဦးရေ(၂၁၇၀)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့် ပရဟိတအဖွဲဝင်များကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအသုတ် (ပထမ)အကြိမ်၌ ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား အောက်တိုဘာ လ (၁၄)ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံနိုင်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)