ကျောက်တံခါးမြို့နယ်၌ (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ကျောက်တံခါး အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန်ကျန်ရှိသူများ အား ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကာကွယ်ဆေး ထိုးနှံရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ အပါအဝင် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များက ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့ချောင်း၊ တောကျွဲအင်း၊ ပဲနွယ်ကုန်းနှင့် ဖဒိုတို့တွင်လည်း ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ဆေးထိုးခြင်းအား ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးပြီး ဆေးထိုးခြင်းမပြုမီ လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်  တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးမထိုးရအုပ်စု မှန်/မမှန် စိစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်း အရေးပေါ် တုံ့ပြန်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများက ပြောကြားခဲ့ပြီး ဆေးထိုးပြီးသူများအား မိနစ်(၂၀)ကြာစောင့်ကြပ်ကြည့်ရှုပေးခဲ့ကြောင်း သိရ သည်။

စန်းစန်း