ကျွန်းလှမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်

ကျွန်းလှ  အောက်တိုဘာ  ၁၃

နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားခွင့် အခွင့်အလမ်း ရရှိစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆိုင်နိုဗက် (Sinovac) ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၂ နှစ်နှင့်အထက် အသက် ၁၈ နှစ်အောက် အလယ်တန်း၊ အထက်တန်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၁၂ နှစ်မပြည့်သူများ၊ ဓါတ်မတည့်သူများ၊ သွေးဥမွှာလျော့နည်းသူများ၊ သွေးမတိတ်ရောဂါရှိသူများ၊ ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းသူများ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက်အာရုံကြော ရောဂါရှိသူများကို ကာကွယ်ဆေးထိုးနှံပေးမည် မဟုတ်ကြောင်း၊ လတ်တလော ဖျားနေသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ယာယီထိုးနှံမပေးကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရခြင်း၏ အကျိုးကျေးဇူး၊ ထိုးနှံမည့်အစီအစဉ်၊ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများအား ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပေးနှိုးဆော် သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင်  အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ကျောင်းအုပ်စုအလိုက် ဆေးထိုးစုရပ် နေရာ၌ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို