ဒိုက်ဦးမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ဒိုက်ဦး အောက်တိုဘာလ ၁၂

မေး- ဆရာမကြီးရဲ့ အမည်နဲ့တာဝန်ထမ်းဆောင်နေတဲ့ရာထူးတာဝန်ကိုသိလိုပါတယ်ခင်ဗျာ။

ဖြေ- ကျွန်မကတော့ နော်ခရီစဲလ်ဒါပါ မြို့နယ်ပညာရေးမှူးတာဝန်ကိုထမ်းဆောင်နေပါတယ်။

မေး- အသက်(၁၂)နှစ်အထက် အထက်တန်း၊ အလယ်တန်းကျောင်းများရှိ ကျောင်းသား/သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ဆရာမကြီးအနေနဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေကို သိချင် ပါတယ်ခင်ဗျာ။

ဖြေ - အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ)၊ မူလွန်ကျောင်းများတွင် ရှိသည့်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများ၏ အမည်စာရင်းကို ဇုံအလိုက် ဦးစွာစာရင်းပြုစုပေးပါတယ်၊ ကာကွယ်ဆေးထိုးမည့် ဇုံနေရာများကို အမည်စာရင်းများ၊ စည်းကမ်းချက်များ၊ ဗွီနိုင်းများ လမ်းညွှန်များကပ်ထားပါသည်။ ဆေးထိုးမည့်နေရာ၊ နားမည့်နေရာများ ပြင်ဆင်ထားတယ်။ လက်ဆေးရန်နေရာ၊ သန့်စင်ခန်းများ ပြင်ဆင်ထားသည်။ ဆေးထိုးမည့်နေ့တွင်အမည် စာရင်းများစစ်ဆေးခြင်း၊ မိဘများ၏သဘောတူညီမှု လက်မှတ်ထိုး စာရင်းများဆောင်ရွက်ထားခြင်း၊ နေရာချထားပေး မှုများကွန်ပျူတာရေးသွင်းမှုများ ဆောင်ရွက် ထားပါတယ်။

မေး- ဒိုက်ဦးမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မည့် စုရပ်နေရာများကို သိချင်ပါတယ်ခင်ဗျာ။

ဖြေ- ဆေးထိုးစုရပ် (၁၀)ခုရှိပါတယ်။ (၁)အထက-ကတုတ်၊ (၂)အထက(၁)-ကျိုက်စကော၊ (၃)အထက ဖောင်တော်သီ၊ (၄)အထက-အိမ်ခြေလေးဆယ်၊ (၅)အထက(ခွဲ)ပျဉ်ပုံလေး၊ (၆)အထက(၂)ဒိုက်ဦး၊ (၇)အထက-သုံးခွ၊ (၈)အထက-လက်ပံသုံးခွ၊ (၉)အထက-ဗျက်ကြီး၊ (၁၀)အထက-တောင်စလဲမြောင် တို့ဖြစ်ပါတယ်။

မေး- ဆရာမကြီးတို့ရဲ့ ပညာရေးဌာနရဲ့ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးနှံဖို့ အကျုံး ဝင်တဲ့ကျောင်းသား/သူ ဘယ်လောက်ရှိပါသလဲ။

ဖြေ- ယခုနှစ် ကျောင်းအပ်နှံသော ကျောင်းသား/သူများ၏ လချုပ်စာရင်းအရမဟုတ်ဘဲ အလယ်တန်းနှင့် အထက်တန်း (၁၂)နှစ်နှင့်အထက် စာရင်းမှာအထက်တန်း(၇၉၇)ဦး၊ အလယ်တန်း(၄၃၄)ဦး စုစုပေါင်း (၄,၈၃၁)ဦးဖြစ်ပါသည်။

မေး- အကျုံးဝင်ကျောင်းသား/သူတွေကို သတ်မှတ်ထားသောနေရာများမှာ အသိပညာပေးမှုတွေ ဘယ်လိုဆောင်ရွက်ထားပါသလဲ။

ဖြေ- သက်ဆိုင်ရာစုရပ်များမှာ ဆေးထိုးနိုင်ရေးအတွက် (၄)စုရပ်တွင် ပါဝင်သောကျောင်းများမှ တစ်ဆင့် (၄)ရွာရှိ သက်ဆိုင်ရာဒေသအလိုက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်များအား စုရပ်နေရာ များကို သတင်း ပေးပြီး မိဘများထံထပ်ဆင့်ဆက်သွယ်ပေးပါတယ်။

မေး- အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား/သူများကို ကာကွယ်ဆေးထိုင်းနိုင်ရာမှာ အဆင်ပြေအောင် ရွက်နိုင်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းကိုလည်းသိပါရစေ။

ဖြေ- မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ စေတနာ့ဝန်ထမ်းများအဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဖြစ်ပါတယ်။

မေး- အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနိုင်မှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကို ပြောပြပေးပါခင်ဗျာ။

ဖြေ- ကျွန်မအနေဖြင့် ကာကွယ်ဆေးများထိုးနိုင်ခြင်းအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေး ပိုမိုစိတ်ချနိုင်လို့ ဝမ်းသာရပါတယ်ရှင်

မေး- ဆရာမကြီးအနေဖြင့် တခြားဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောကြားပေးပါ။

ဖြေ- ကျွန်မအနေဖြင့် ကာကွယ်ဆေးကိုထိုးဖြစ်အောင်ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။

ကျော်ကျော်(ဒိုက်ဦး)