မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တောင်တွင်းကြီးမြို့နယ်နှင့် မြို့သစ် မြို့နယ်များရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

မကွေး        အောက်တိုဘာ  ၁၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့နံနက်ပိုင်း က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်တွင်ကြီးမြို့နယ်ရုံးနှင့် မြို့သစ်မြို့နယ်ရုံးများက ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် ညောင်ပင်လှကျေးရွာအုပ်ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိပါကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်သူများ အနေဖြင့်လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး  လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်တွင်ကြီးမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ညောင်ပင်လှကျေးရွာရှိ ဒေသခံ ပြည်သူ(၁၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်များကို လက်ဝယ်အရောက်ပေးအပ်ခဲ့ပြီး  အိမ်ထောင်စုဇယားပြုလုပ်သူ (၅၀)ဦးအားလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်တွင်ကြီးမြို့နယ်ရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ရက်နေ့မှ ယနေ့အထိ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား နိုင်ငံသားစိစစ်ရေး ကတ် (၈၃၆)ကတ်၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် (၆၁၅)ကတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ် (၅၇၆)ကတ်၊ ပျောက်ဆုံးပျက်စီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ (၉၉၄)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ် (၃၁၇၁)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၇၆၃)စောင်  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် တောင်တွင်းကြီးမြို့ .က.က ()ကျောင်းတွင် အသက်(၁၂)နှစ် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးအတွက် နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၂၈၅၀)ဖြင့် (၁၂၀'x၉၀'x၂၆') Steel Structure မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် လူမှုရေးရာဝန်ကြီးသည် မြို့သစ်မြို့နယ် လဲလူကျေးရွာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့သစ်မြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် ဒေသခံ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

စည်သူ