သာယာဝတီ အောက်တိုဘာ ၁၂ ရက်
မေး- မင်္ဂလာပါ ဆရာမကြီးရှင့်၊ ဆရာမကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်လှလှဝင်းပါ၊ သာယာဝတီမြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။
မေး-ဆရာမကြီးရှင့် အခြေခံပညာအထက်တန်း၊အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား၊ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ် ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ - ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်ပြီးတော့ မြို့နယ်မှာကျောင်းအုပ်တွေကို အစည်းအဝေးခေါ်ပြီးတော့ အသက်(၁၂)နှစ်အထက်ကလေးတွေရဲ့ စာရင်းတွေကို ကောက်ခိုင်းပါတယ်၊ အခုဆိုရင် ကျောင်းသား စာရင်းတွေလဲ ရထားပါပြီ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမဲ့ ကျောင်းစာရင်း တွေလဲ လျာထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမဲ့စုရပ်ကတော့ (၁၂) နေရာဖြစ်ပါတယ်။ ဆေးထိုးစုရပ် နေရာနေတွေမှာလည်း ဗီနိုင်းများချိတ်ဆွဲ ကြော်ငြာပေးထားခြင်းနဲ့ လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ထားပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ် (၁၂)ခု ရဲ့ နေရာလေးတွေသိချင်ပါတယ်။
ဖြေ - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ်တွေကတော့ အ.ထ.က(၁)သာယာဝတီ၊ အ.ထ.က(သုံးဆယ်)၊ အ.ထ.က(သဲဖြူ)၊ အ.ထ.က(စံရွေး)၊ အ.ထ.က(သရက်ကုန်းစာဖြူစု)၊ အ.ထ.က(ခွဲ)ငဖြူကလေး၊ အ.ထ.က(ခွဲ)တပ်တွင်း၊ အ.ထ.က(ခွဲ )အသရော် ၊ အ.ထ.က(ခွဲ) ကျပ်ချောင်း၊ အ.ထ.က(ခွဲ)ဘီးလင်းသစ်၊ အ.ထ.က(ခွဲ)လေးတူးရိုးကြီး၊ အ.ထ.က(ခွဲ) ဇီးပွဲ အဲဒီ(၁၂)နေရာတွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ကျောင်းသူတွေကို သတ်မှတ်နေရာတွေမှာ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ အသိပေးမှုတွေကို ဘယ်လို ဆောင်ရွက်ထားပါသလဲ။
ဖြေ - မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကို အသိပေးပါတယ်။ ကျောင်းအုပ်ကြီး များမှတစ်ဆင့် သက်ဆိုင်ရာကျောင်းသား မိဘတွေကို အသိပေးဆက်သွယ် ထားပြီးဖြစ်ပါတယ်။
မေး - မကြာမီမှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရှိရတဲ့အတွက် ကျောင်းတွေပြန်ဖွင့် ဆောင်ရွက်ထားရှိမှု အခြေအနေလေးသိပါရစေရှင့်။
ဖြေ - ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေကတော့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရဲ့စီစဉ်ကြီးကြပ်မှုနဲ့ ဌာနဆိုင်ရာများနဲ့ပူးပေါင်းပြီး စာသင်ကျောင်းတွေကို သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခုံတွေကိုလည်း ၄ ပေ ခြားစီထားခြင်း၊ အပူချိန်တိုင်းကိရိယာ၊ လက်ဆေးဘေစင်များ ထားရှိခြင်းတွေကို ကိုဗစ်-၁၉ စည်းကမ်းချက်များးနှင့်အညီ ဆောင်ရွက် ထားရှိပါတယ်။
မေး - အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေ့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာမှာ အဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်း တွေ ကိုလဲ သိပါရစေရှင့်။
ဖြေ - သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အတွင်းမှာတော့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ လဝက ဝန်ထမ်းများ၊ မီးသတ်၊ ကြက်ခြေနီ စတဲ့အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။
မေး - ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိစကားသံကိုလည်း ကြားချင်ပါတယ်ရှင့်။
ဖြေ - ကျောင်းသား၊ ကျောင်းသူတွေ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိနိုင်တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ အခုလို ကျောင်းသား၊ ကျောင်းသူတွေကာကွယ်ဆေး ထိုးနှံခွင့်ရရှိတဲ့ အတွက်ဝမ်းသာပီတိလဲဖြစ်မိပါတယ်။ ကာကွယ်ဆေးထိုးနိုင် အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများ အားလုံးကို လည်းကျေးဇူး တင်ပါတယ်။
အခုလိုပြောကြားပေးတဲ့အတွက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်လှလှဝင်းကို အထူးပဲ ကျေးဇူးတင်ပါ တယ်ရှင့်။
သန့်ဇော်(ပြန်/ဆက်)