ရေစကြို အောက်တိုဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရေစကြိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်စေရန်၊ ရေအလေအလွင့် ဆုံးရှုံးမှုကိုလျှော့ချနိုင်စေရန်၊ ရေအရင်းအမြစ်များ ဆုံးရှုံးမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပသည်။
အဆိုပါ သင်တန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ညီညွတ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချခြင်း၊ ရေအလေအလွင့်ဆုံးရှုံးမှုကို လျှော့ချခြင်း၊ ရေအရင်းအမြစ်၊ သစ်တောအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် အကြောင်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တစ်ရက်ကြာ သင်ကြားပို့ချသည်။
အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းသို့ ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာမှ သင်တန်းသား၂၂ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နော်နော်(ချင်းတွင်းသား)