ရှမ်းရွာသစ် အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများကမိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန် ၊ပြင်ပမှလာသော ဧည့် သည်များလက်မခံကြရန်၊ အခြားသူများထံသို့သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စ ကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကိုစနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာအောင်စနစ် တကျဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟုသံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းလှည့်လည်၍ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)