အိမ်မဲ အောက်တိုဘာ ၁၂
မေး။ ဆရာ့ရဲ့အမည်၊ တာဝန်ကို မိတ်ဆက်ပေးပါအုံးခင်ဗျာ
ဖြေ။ ကျွန်တော်က အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်ဖြစ်ပါတယ်။
မေး။ နိုင်ငံတော်အစိုးရဲ့ စီစဉ်မှုနဲ့ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်တဲ့အတွက် အိမ်မဲမြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးနှံရေး စီစဉ်ဆောင်ရွက်ထားရှိမှုကို သိချင်ပါတယ်ခင်ဗျာ
ဖြေ။ အိမ်မဲမြို့နယ်အနေဖြင့် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံရန်အတွက် ကျောင်းပေါင်း (၉၅) ကျောင်းမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးစုရပ် (၈) နေရာ သတ်မှတ်ထားပါတယ်။ စုရပ် (၈) နေရာနဲ့ နီးစပ်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကျောင်းသား၊ ကျောင်းသူများတွေ ဆေးလာရောက် ထိုးနှံနိုင်ရေးအတွက် စာရင်းများအား ကြိုတင်ပြုစုခြင်း၊ သွားလာရေးကိစ္စများကိုလည်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်းပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ အိမ်မဲမြို့နယ်အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိမှုနဲ့ ကာကွယ်ဆေးထိုးနှံမှုတွေကို ဘယ်ရက်ကစပြီး ဆောင်ရွက်သွားမှာလဲ သိချင်ပါတယ်ခင်ဗျာ
ဖြေ။ အိမ်မဲမြို့နယ်အနေနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ရရှိမည်ဟု သိရပြီးတော့ အောက်တိုဘာ ၁၆ ရက်နေ့မှာ စတင်ပြီး ထိုးနှံပေးဖို့ စီစဉဆောင်ရွက်ထားပါတယ်။ ကာကွယ်ဆေး ထိုးနှံတဲ့အခါမှာလဲ သက်ဆိုင်ရာ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့တွေကလဲ ကူညီဆောင်ရွက်ပေးသွားမှာပါ။
မေး။ အိမ်မဲမြို့နယ်အနေနဲ့ ဦးစားပေးအလိုက်၊ အသက်ပိုင်းအခြားအလိုက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံခဲ့ပြီး ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ပမာဏကိုသိချင်ပါတယ်ခင်ဗျာ
ဖြေ။ အိမ်မဲမြို့နယ်အနေဖြင့် လူဦးရေစုစုပေါင်း (၂၁၅၀၇၀)ဦးရှိပြီး၊ အသက်အပိုင်းအခြားအလိုက် ကိုဗစ်၁၉ကာကွယ်ဆေးကို နေ့စဉ်ထိုးပေးနေပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့အထိ ဆိုရင်တော့ ကာကွယ်ဆေးထိုးနှံပိုင်ခွင့်ရှိသူ စုစုပေါင်း (၃၇၆၃၁) ဦးထိုးနှံပြီးစီးခဲ့ပါပြီ။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ၂၅ ရာခိုင်နှုန်းခန့် ထိုးနှံပေးနိုင်ခဲ့တာပါ။ အခု ကျောင်းသား ကျောင်းသူတွေပါ ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့မယ်ဆိုရင်တော့ ကာကွယ်ဆေး ထိုးနှံပိုင်ခွင့်ရှိသူ ဦးရေကို နှိုင်းယှဉ်ကြည့်ရင် ရာခိုင်နှုန်းအနေနဲ့ ၃၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှာပါ။
အခုလို ကာကွယ်ဆေးထိုးနှံပေးသွားမှာ ဖြစ်တဲ့အတွက် ကလေးတွေ ကျောင်းပြန်ဖွင့်တဲ့အခါ စိတ်ချမ်းမြေ့စွာနဲ့ ပညာသင်ကြားနိုင်မှာ ဖြစ်သလို၊ ကျွန်တော်တို့အနေနဲ့ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ပါဝင်လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။
မေး - ဆရာမကြီးရဲ့ အမည်နဲ့ တာဝန်ကို မိတ်ဆက်ပေးပါအုံး ခင်ဗျာ
ဖြေ - ကျွန်မကတော့ အိမ်မဲမြို့နယ် ပညာရေးမှူး ဒေါ်ခင်ဝင်း ဖြစ်ပါတယ်။
မေး - အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှာဖြစ်တဲ့အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိချင်ပါတယ်ခင်ဗျာ
ဖြေ - ကျွန်မတို့အနေနဲ့ ဘယ်လိုဆောင်ရွက်ထားလဲဆိုရင်တော့ အောက်တိုဘာ ၆ ရက်နေ့က ကျောင်းအုပ်ကြီးတွေကိုခေါ်ပြီး ဆေးထိုးမယ့်အစီအစဉ်ကို ချပြရှင်းလင်းခဲ့ပါတယ်။ အဲ့ကနေတစ်ဆင့် အောက်တိုဘာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေမှာ ကျောင်းအုပ်ကြီးတွေက နယ်မြေတွေမှာ ကျောင်းသားမိဘတွေကို ထပ်ဆင့်ရှင်လင်းခဲ့ကြပါတယ်။ အသက် ၁၂ နှစ်ပြည့်ပြီးတဲ့ ကျောင်းသား ကျောင်းသူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရေးနဲ့ မကျန်ရှိစေရေးအတွက် အလေးထား ဆောင်ရွက်ထားပါတယ်။
မေး - အိမ်မဲမြို့နယ်အနေနဲ့ ကာကွယ်ဆေးထိုးနှံမယ့် ကျောင်းသားအရေအတွက်ကို သိချင်ပါတယ် ခင်ဗျာ
ဖြေ - အိမ်မဲမြို့နယ် အနေနဲ့ အ.ထ.က၊ အ.ထ.က (ခွဲ)၊ အ.လ.က၊ အ.လ.က (ခွဲ) မူလွန် စုစုပေါင်း ၉၅ ကျောင်းမှ အသက် ၁၂ နှစ် ပြည့်ပြီးတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၃၀၃ ဦးရှိပါတယ်။
မေး - ကျောင်းသား၊ ကျောင်းသူတွေ ကာကွယ်ဆေး ထိုးနှံတဲ့အခါ ဘယ်နေရာတွေမှာ ထိုးနှံရမှာပါလဲ
ဖြေ - ကာကွယ်ဆေးထိုးနှံဖို့အတွက် ကလေးတွေသွာရေးလာရေး အဆင်ပြေစေဖို့ ဆေးထိုးစုရပ်အနေနဲ့ ရှစ်ခု စီစဉ်ထားပါတယ်။ ဘယ်နေရာတွေလဲ ဆိုရင်တော့ အ.ထ.က ၂ (အိမ်မဲ)၊ အ.ထ.က (ခွဲ) တကော၊ အ.ထ.က ရွာသစ်၊ အ.ထ.က(ခွဲ) သရက်ကုန်း၊ အ.ထ.က လူကောင်းကျွန်း၊ အ.လ.က ပုလုညောင်ဝိုင်း၊ အ.လ.က ကညင်ကုန်းကြီး၊ အ.မ.က ဆတ္ထူဆိုပြီး စုရပ်တွေ ခွဲထားတာပါ။
မေး- ကာကွယ်ဆေးထိုးနှံတဲ့အခါ အဆင်ပြေပြေ ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်တွေမှာ ဘယ်လိုဆောင်ရွက် ထားလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ
ဖြေ - အသက် ၁၂ နှစ် ပြည့်ပြီးတဲ့ ကျောင်းသားကျောင်းသူတိုင်း အဆင်ပြေပြေ ကာကွယ်ဆေး ထိုးနှံနိုင်မှာပါ။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူတွေကို အတန်းပိုင် ဆရာမတွေကတစ်ဆင့် ကြီးကြပ်ပြီး တစ်ဦးချင်းအလိုက်၊ အတန်းအလိုက် ကာကွယ်ဆေး ထိုးနှံပေးမှာပါ။ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအတွက် စာရင်းရေးသွင်းနိုင်ရေးအတွက် ကွန်ပျူတာကျွမ်းကျင်တဲ့ ဆရာ ဆရာမ တွေက စာရင်းပြုစု ရေးသွင်းတာတွေကို ဆောင်ရွက် ပေးသွာမှာပါ။
မေး- အခြေခံပညာကျောင်းတွေ ပြန်ဖွင့်လှစ်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားရှိမှုကိုလဲ သိချင်ပါတယ်ခင်ဗျာ
ဖြေ - အခြေခံပညာကျောင်းတွေမှာ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ စုံလင်စွာထားရှိစေရေး၊ အသိပညာပေး နှိုးဆော်ချက်များ၊ ကျောင်းသန့်ရှင်းရေး၊ အမှိုက်သိမ်းစနစ်များ စနစ်တကျ ရှိစေရေး၊ ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်မှုနဲ့အညီ ကျောင်းနှင့် စာသင်ခန်းများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်စတဲ့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်သွာဖို့ လမ်းညွှန်မှာကြားထားပါတယ်။
ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြန်လည်ဖွင့်တဲ့အခါ ကျန်းမာစွာနဲ့ ပညာသင်ယူနိုင်ရန် အခွင့်အလမ်းရနိုင်တာမို့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
လွှမ်းသီဟ