ဘိုကလေး အောက်တိုဘာ ၁၂
မေး။ ။မင်္ဂလာပါဆရာကြီးခင်ဗျာ၊ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအောင်မြင်ရေးအတွက် မည်သည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ သိပါရစေခင်ဗျာ။
ဖြေ။ ။လုပ်ငန်းအောင်မြင်ဖို့အတွက် ဆရာတို့ ပညာရေးဌာနက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အပါအဝင် ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး သတ်မှတ်အသက်နဲ့ ပြည့်မှီတဲ့ ကျောင်းသား/ သူတွေ ကျန်ရှိမှု၊ လစ်ဟာမှုမရှိစေရေး အလေးထား ဆောင်ရွက်သွားမှာပါ။
မေး။ ။ဘိုကလေးမြို့နယ်အတွင်းမှာ ဆေးထိုးရမည့် ကျောင်းသား/ သူ အရေအတွက် ပြောပေးပါဦး ခင်ဗျ။
ဖြေ။ ။ဆရာတို့ ပြုစုထားတဲ့ စာရင်းအရ ဆေးထိုးရမည့် အလယ်တန်း၊ အထက်တန်း အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသားပေါင်း စုစုပေါင်း(၁၅၄၇၃)ဦးရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းသား/သူတွေနဲ့ဆိုရင် စုစုပေါင်း (၁၇၀၀၀)ကျော်ရှိပါတယ်။
မေး။ ။ဆေးထိုးဖို့ စုရပ်တွေကိုလည်း ဘယ်လိုစီစဉ်ထားပါသလဲ ဆရာကြီးခင်ဗျ။
ဖြေ။ ။စုရပ်တွေက မြို့ပေါ်(၃)နေရာအပါအဝင် တစ်မြို့နယ်လုံး စုရပ်(၂၇)ခုရှိပါတယ်။ အဲ့ဒီ စုရပ်(၂၇)နေရာကို ယခုရက်ပိုင်းအတွင်း ဆေးထိုးအဖွဲ့(၄)ဖွဲ့ခွဲပြီး (၂)ပတ်အတွင်း အပြီးထိုးပေးသွားမှာပါ။
မေး။ ။ကျောင်းသား/သူတွေ ဆေးထိုးနိုင်ဖို့ ဆရာကြီးတို့အနေနဲ့ ဘယ်လိုဆက်သွယ် ဆောင်ရွက်ပါလဲဆရာကြီးခင်ဗျ။
ဖြေ။ ။ကျောင်းအလိုက် ဆရာ၊ ဆရာမတွေက ကျောင်းသားမိဘတွေကို ဖုန်းနဲ့ ဆက်သွယ်ပြီး ကလေးတွေကို ဆေးထိုးနိုင်ဖို့ မိဘ သဘောတူခွင့်ပြုချက် လာရောက်ထိုးနှံစေပါတယ်။ မိဘတွေကလည်း လာရောက်ပြီး သဘောတူကြောင်း လက်မှတ်လာရောက်ထိုးပါတယ်။
မေး။ ။ဆေးထိုးကြမယ့် ကျောင်းသား/ သူတွေအတွက် အမှာစကားလေး ပြောပေးပါဦးဆရာကြီး။
ဖြေ။ ။အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူတွေအားလုံးကို ဆရာကြီးက ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်။ ဒါမှသာ ကျန်းမာကြံ့ခိုင်စွာနဲ့ မိမိတို့ဘဝ လှပသာယာရေးအတွက် ပညာတွေ ဆက်လက်သင်ယူနိုင်မှာပါ။
မိုးစက်