ဟားခါး အောက်တိုဘာ ၁၂
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စာသင်ကျောင်းများပိတ်ထားရခြင်းဖြစ်ကြောင်း ၊ ကလေးများ ပညာမသင်ကြားနိုင်ခြင်းဟာ နိုင်ငံအတွက် များစွာနစ်နာဆုံးရှုံးရသဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အထူးအရေးကြီးကြောင်း ၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် ကျောင်းသား ၊ ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လိုကြောင်း ၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက အသက် ( ၁၂ ) နှင့်အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ နိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ကာကွယ်ဆေးကို ဒေသအခြေအနေအရ ပထမအဆင့်အဖြစ် မြို့ပေါ်ကျောင်းများ ၊ ဒုတိယအဆင့်အဖြစ် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် ကျေးရွာများနှင့် ကျန်ရှိ ကျေးရွာများကို တတိယအဆင့်ဟူ၍ အဆင့် ( ၃ ) ဆင့် သတ်မှတ်၍ ထိုးနှံပေးရမည်ဖြစ်ကြောင်း ၊ ကာကွယ်ဆေး ထိုးနှံရမည့် ကျောင်းသား ၊ ကျောင်းသူစာရင်းနှင့် ဆေးထိုးစုရပ်ကို မြို့နယ်ပညာရေးဦးစီးဌာန ၊ ကျန်းမာရေး ဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့်ဌာနများက ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး အမှန်တကယ် ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူစာရင်းကောက်ယူရန် လိုကြောင်း ၊ အသက် ( ၁၂ ) နှစ်နှင့် အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများထဲက ကာကွယ်ဆေးထိုးနှံလိုသူများ အားလုံး ထိုးနှံနိုင်မည်ဖြစ်ပြီး ကျောင်းအပ်နှံခြင်းနှင့် မသက်ဆိုင်ကြောင်း ၊ ယခုထိုးနှံမည့် ကာကွယ်ဆေးသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းတွင် ထိုးနှံခြင်းမဟုတ်ဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၌ ထိုးနှံသည့် ကာကွယ် ဆေးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများများထိုးနှံနိုင်ပါမှ ရောဂါထိန်းချုပ်နိုင်မည်ဖြစ်၍ အားလုံးပူးပေါင်းပါဝင် ရန် လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက အသက် (၁၂) နှင့် အထက် အလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ အသိပညာပေး ဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ အထိ ဟားခါးမြို့ Lock Down ကာလအတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အပြင်ထွက်ကတ်ပြား ဆောင်ရွက်ထားရှိမှုနှင့် ဖြန့်ဝေရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အကြံပြု ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )