ကန့်ဘလူ အောက်တိုဘာ ၁၂
ဒေါက်တာနေမိုး၊ ခုတင်(၁၀၀)ဆေးရုံအုပ်၊ကန့်ဘလူမြို့
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ထိုးနှံပေးမယ့်
ကာကွယ်ဆေးအမျိုးအစားကိုသိပါရစေခင်ဗျာ။
ဖြေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinovac အမျိုးအစား ကာကွယ်ဆေးဖြစ်ပါတယ်။
မေး။ ဆရာ့အနေနဲ့ ကျောင်းသား/ကျောင်းသူတွေကို ဒီကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုနဲ့ ကျန်းမာ
ရေးရှုထောင့်ကနေ အကြံပြုပြောချင်တာရှိရင်လည်း ပြောကြားပေးပါဦးခင်ဗျာ။
ဖြေ။ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ကာကွယ်ဆေးကို မဖြစ်မနေထိုးဖို့လိုအပ်ပြီး ကာကွယ်
ဆေး ထိုးပြီးနောက် Mask တပ်ခြင်း ၊ လက်ဆေးခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊
စတဲ့ အလေ့အထတွေကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ကာကွယ်ဆေးထိုးအဖွဲ့ ဘယ်နှစ်ဖွဲ့ နဲ့
အဖွဲ့ဝင်ဦးရေ လျာထားဆောင်ရွက်မှုကိုလည်း သိပါရစေခင်ဗျာ။
ဖြေ။ ကာကွယ်ဆေးထိုးအဖွဲ့ (၅)ဖွဲ့ ၊ အထက(၁) ကန့်ဘလူ၊အထက(၂)ကန့်ဘလူ၊ အထကဇီးကုန်း၊ အထကထန်းကုန်း ၊ အထက တည်ပင်(ပင့်သာ)ဆိုပြီး ဖွဲ့ထားပါတယ်။ အဖွဲ့ဝင်ဦးရေကတော့ တစ်ဖွဲ့ကို (၇)ဦး ၊ (၁) ဆေးထိုးနှံရေးအဖွဲ့ခေါင်းဆောင်၊ (၂) ဆေးထိုးနှံပေးမည့်သူ၊ (၃)ဆေး ပြင်ပေးသူ ၊ (၄)ကျန်းမာရေး စစ်ဆေးပေးသူ၊ (၅) စာရင်းရေးသွင်းပြင်ဆင်ပေးသူ ၊ (၆) ကြိုဆို နေရာချထားပေးသူ၊ (၇) ကျောင်းတာဝန်ခံ / မြို့နယ်ပညာရေးမှူးရုံး ကိုယ်စားလှယ်ဆိုပြီး ဖွဲ့စည်းထားပါတယ်။
မေး။ ဆရာအနေနဲ့အခြား ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ကာကွယ်ဆေးထိုးနှံပေးမယ့်ကျောင်းသား / ကျောင်းသူတွေ အနေနဲ့ကာကွယ်ဆေးကို မဖြစ်
မနေ ထိုးနှံဖို့လိုအပ်ပြီး အကျိုးကျေးဇူးအဖြစ် ကိုဗစ်ရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးပြီး အခန့် မသင့်လို့ ကူးစက်ခံရရင် ရောဂါပြင်းထန်မှုမဖြစ်ဘဲ အောက်ဆီဂျင်လိုအပ်မှု ၊ ဆေးရုံတက်ကု သမှုနဲ့ ကိုဗစ်ကြောင့် သေဆုံးမှုတို့ကို ဆေးထိုးထားခြင်းအားဖြင့် ကာကွယ်တားဆီး နိုင်မှာ ဖြစ်ပါတယ်။
ဦးမျိုးဝင်း ၊ မြို့နယ်ပညာရေးမှူး ၊ ကန့်ဘလူမြို့
မေး။ နိုင်ငံတော်အစိုးရအစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား / ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်ထားတယ်လို့သိရတဲ့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုကို ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများစာရင်းကို မြို့နယ်အထွေထွေအုပ်ချုပ်
ရေးဦးစီးဌာနက တောင်းခံသောဇယားအတိုင်း အခြေခံပညာအထက်တန်း / အလယ်တန်း/ မူလတန်း ကျောင်းများမှ စာရင်းပြုစုပေးပို့ကြရန် တောင်းခံထားပါတယ်။ယင်းစာရင်းများရရှိ
လျှင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ Excel File များတွင် စာရင်းဖြည့်သွင်းနိုင်ရန်
အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူနှင့် အလယ်တန်းဆင့် ကျောင်းသား/သူ အဆင့် ခွဲခြားခြင်း၊ ဆေးထိုးစုရပ်အလိုက် စာရင်းဖြည့်သွင်းခြင်းတို့ ဆောင်ရွက်ရန် စာရင်းများ စုစည်း စိစစ်နေပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်တွေနဲ့ ကျောင်းသား/ကျောင်းသူ တွေကို
ဒီကာကွယ်ဆေးထိုးနှံပေးဖို့ ဘယ်လိုအသိပေး ဆောင်ရွက်ထားပါသလဲခင်ဗျာ။
ဖြေ။ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်တွေဖြစ်တဲ့ အထက(၁) ကန့်ဘလူ၊အထက(၂) ကန့်ဘလူ၊
အထကဇီးကုန်း၊ အထကထန်းကုန်း နဲ့ အထက တည်ပင်(ပင့်သာ)ဆိုပြီး (၅)နေရာသတ်မှတ် ထားတယ်လို့သိရတဲ့အတွက် ဘယ်ကျောင်းကကျောင်းသား / ကျောင်းသူတွေဟာ ဘယ်စုရပ် တွေမှာ ကာကွယ်ဆေးထိုးကြဖို့ သက်ဆိုင်ရာကျောင်းတွေကို ဆက်သွယ် အကြောင်းကြား အသိပေးမှာဖြစ်ပါတယ်။
မေး။ မကြာခင်အခြေခံပညာကျောင်းတွေလဲ ပြန်လည် ဖွင့်လှစ်တော့မယ်လို့ သိရတဲ့အတွက် ဆရာ
ကြီးတို့ အနေနဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေကိုလည်း ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ကျောင်းနဲ့ဝန်းကျင်သန့်ရှင်းရေးနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့ ဆောင်ရွက် ထားကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးအစီအမံများ ပြင်ဆင်ထားရှိကြရန်၊ကျောင်းများကို အသိပေးနှိုးဆော် ထားပြီးဖြစ်ပါတယ်။
မေး။ ဒီအခြေခံပညာကျောင်းတွေမှာရှိတဲ့ ဆရာ / ဆရာမတွေကရော ကိုဗစ်-၁၉ ရောဂါ ကာကွယ်
ဆေး အားလုံး ထိုးနှံပြီးသွားပြီလားခင်ဗျာ။
ဖြေ။ အားလုံးထိုးနှံပြီးသွားပြီလို့ဆိုနိုင်ပါတယ်။ဆရာ/ဆရာမများကို ဦးစားပေးအုပ်စုအဆင့်အတိုင်း ကာကွယ်ဆေးကို အသုတ်လိုက် ထိုးနှံပေးခဲ့သလို အသက် (၆၅) နှစ်အထက် ပုဂ္ဂိုလ်တွေကို ကျန်းမာရေးအဖွဲ့တွေ ကွင်းဆင်းထိုးနှံပေးစဉ် တစ်ချို့ ဆရာ/ဆရာမတွေကို ခေါ်ယူထိုးနှံပေးခဲ့ တာလည်း ရှိတယ်လို့သိရပါတယ်။
မေး။ အခုလို ကျောင်းသား / ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာမှာ ပူးပေါင်းဆောင်ရွက်မယ့် ဌာနတွေကိုလည်း သိပါရစေခင်ဗျာ။
ဖြေ။ အုပ်ချုပ်ရေးဌာန ၊ ကျန်းမာရေးဌာနများက အဓိကပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
မေး။ လက်ရှိကန့်ဘလူမြို့နယ်အတွင်းမှာအသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူ ဦးရေ ကိုလည်း သိပါရစေခင်ဗျာ။
ဖြေ။ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ကျောင်းတတ်ဦးရေအရဆိုရင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူဦးရေ (၆၆၈၈)ဦးရှိပါတယ်။
မေး။ ကျောင်းသား လူငယ်တွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ့်အပေါ် ဆရာရဲ့ ပီတိစကားလေးလဲ ပြောပြပေးပါဦးခင်ဗျာ။
ဖြေ။ ကျောင်းသားလူငယ်တွေဆိုတာ အနာဂတ်ရဲ့ကြယ်ပွင့်တွေဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံ ပေးကာ ရောဂါကာကွယ်ခြင်းဖြင့် ကျောင်းတွေလည်း တောက်လျှောက် ဖွင့်လှစ်လာနိုင်ရင်
ပညာရေးခရီးလမ်း ပြန်လည်ဖြောင့်တန်းတော့မှာဖြစ်လို့ ဝမ်းသာမိပါတယ်။
မေး။ ဆရာကြီးအနေနဲ့ နောက်ထပ် ဖြည့်စွက်ပြောကြားချင်တာများရှိရင်လည်း ပြောပြပေး
ပါဦးခင်ဗျာ။
ဖြေ။ လောလောဆယ်တော့ ဦးစားပေးအုပ်စုအတိုင်း ကာကွယ်ဆေးထိုးပေး နေချိန်မို့လို့ ဆရာ/ ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများအနေနဲ့ မပျက်မကွက် ထိုးနှံကြဖို့ဖြစ်ပါတယ်။ မိမိကျင်လည်ရာ ကျောင်း ၊ ရုံး ဝန်းကျင်မှာ၊ မိမိနေထိုင်ရာ ရပ်ရွာလူမှုဝန်းကျင် မှာ မိမိကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် အားလုံးမှာ တာဝန်ရှိပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီးရင်လည်း ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရမယ့် အခြေခံ အချက်တွေကိုတော့ ဆက်လက်လိုက်နာ ကျင့်သုံး နေထိုင်ကြရဦး မှာဘဲ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းက မိမိကိုယ်ကို ကျန်းမာရေးစောင့်ရှောက်တာဟာ နိုင်ငံတော် ကို ကာကွယ်စောင့်ရှောက်တာနဲ့ အတူတူပါပဲ၊ အဲ့ဒါကြောင့် နောင်မှာ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် မှန်ကန်သောအသိဖြင့် လူတိုင်းပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားလိုပါတယ်။
ဒေါ်တင်တင်နွယ်၊ ကန့်ဘလူမြို့အမှတ်(၂) ရပ်ကွက်
ကျောင်းသားမိဘတစ်ဦး
မေး။ အသက် (၁၂)နှစ်ထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးမယ့်အပေါ် ကျောင်းသားမိဘတစ်ဦးအနေနဲ့ ပီတိစကားလေးပြောပြ ပေးပါဦးခင်ဗျာ။
ဖြေ။ ကျွန်မကတော့ဒေါ်တင်တင်နွယ်ပါ။ ကန့်ဘလူမြို့အမှတ်(၂) ရပ်ကွက်မှာ နေထိုင်ပြီး ကျောင်းသားမိဘတစ်ဦးလည်းဖြစ်ပါတယ်။ သမီးက အထက(၁) ဒဿမတန်းမှာပညာ သင်ကြားနေပြီး ၊ သားကတော့ အမက(၂) မူလွန်ကျောင်း Grade -6 မှာ ပညာသင်ကြား နေပါတယ်။ အခုလို ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ်ဆိုတော့ မိဘတစ်ဦးအနေနဲ့ ဝမ်းသာပီတိဖြစ်ရ ပါတယ်။ ကျမကိုယ်တိုင် လည်း ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံပြီးပါပြီ။ ကာကွယ်ဆေးဆိုတာ ရောဂါမကူး စက်အောင် ၊ ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုးနှံပေးတာဖြစ်တဲ့ အတွက် ကလေးတွေ ကျောင်းပြန်တက်ရင်လည်း စိတ်ချလက်ချလွှတ်နိုင်တာပေါ့။ ကျန်တဲ့မိဘတွေကိုလည်း မိမိတို့ရဲ့ သားသမီးတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ တိုက် တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ -အောင်ဝင်းငြိမ်း