ဖားဆောင်း အောက်တိုဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုခါးလိုကျေးရွာနှင့် လွယ်ပွာခို ကျေးရွာတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်းမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လိုခါးလိုကျေးရွာခန်းမဆောင်နှင့် လွယ်ပွာခိုကျေးရွာ ကျေးလက်ဆေးပေးခန်းတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြု(၁) ဒေါ်သက်သက်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချို၊သွေးတိုး စသည့် ရောဂါများ စစ်ဆေးပေးခြင်းများ ပြုလုပ်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနံပေးပြီး ဆေးထိုးနှံပြီးပါက ဘေးထွက်ဆိုးကျိုး ရှိ/မရှိ မိနစ်(၃၀)ခန့် စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ဖားဆောင်းမြို့နယ် နန်းဟူးကုန်းကျေးရွာ၊ ကျောက်ပဲညိုကျေးရွာနှင့် စုစည်းကျေးရွာ တို့တွင်လည်း အောက်တိုဘာလ (၁၀)ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံရခြင်း မရှိသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ပေးနေမှုကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် Volunteer များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)