ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ       အောက်တိုဘာ        ၁၂

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက်ရှိသော ကျောင်းသား ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၂ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်မြတ်ခိုင်က မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေး စေရေးအတွက် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက်ရှိသော ကျောင်းသားကျောင်းသူများကို ကျန်းမာရေး ဝန်ကြီး ဌာန၏ စီမံချက်အတိုင်း အောက်တိုဘာ(၁၆)ရက်နေ့တွင် စတင်ပြီး ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း ၊  ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် လုပ်ငန်းအခက်အခဲ မရှိစေရေးအတွက်   ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရန် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးထိုးစုရပ်များ အလိုက် အသက်(၁၂)နှစ် အထက်ရှိ ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံပြီးစီးရေး  ကြိုတင်ပြင် ဆင်ထားရှိမှုများနှင့် တွေ့ကြုံနိုင်မည့်လုပ်ငန်းအခက်အခဲများကို အကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး ဆေးထိုးစုရပ်များတွင် အသုံးပြုရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်း နှင့် စာရင်းဇယားပြုစုရန် ဆက်စပ်ပစ္စည်းများအား မြို့နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့(အ.ထ.က) ၊ ရှောက်တောကျေးရွာ(အ.ထ.က) ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က) ၊ ကျောင်းတော် ရာကျေးရွာ(အ.ထ.က) ၊ မဲဇလီကျေးရွာ(အ.ထ.က) ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က) ၊ ထနောင်းကုန်းကျေး ရွာ (အ.ထ.က) စုစုပေါင်း ဆေးထိုးစုရပ် (၇)နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပေးရ မည့် အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူဦးရေပေါင်း ၅၃၇၅ ဦးရှိကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )