ဘားအံ အောက်တိုဘာ ၁၂
၂၀၂၁ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့ လှာကမြင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ပိုက် ကျော်ခြင်း ဆပ်ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ အားကစားဝါ သနာရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခု ပြိုင်ပွဲမှ ထူးချွန်ထက်မြက်သည့် အားကစားသမားများကိုရွေးချယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြည်နယ် ကိုယ်စားပြု စေလွှတ်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ပိုက်ကျော်ခြင်းအသင်းအနေဖြင့် တံခွန်စိုက်ဆုများ ဆွတ်ခူးရရှိ သည့် အောင်မြင်မှုအစဉ်အလာကောင်းများ ရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြပြီး ဥပဒေဘောင်အတွင်းမှ မိမိတို့ အသင်းအနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်း လိုကြောင်း ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ကော့ကရိတ်မြို့နယ် အသင်းနှင့် ဖါပွန်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကော့ကရိတ်မြို့နယ်အသင်းက ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြို့နယ် လက်ရွေးစင်ပြိုင်ပွဲဝင်ပိုက်ကျော်ခြင်းအသင်းပေါင်း(၆)သင်းက အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး (၃)ယောက် တွဲပြိုင်ပွဲနှင့် အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားအလိုက် ပွဲစဉ်ပေါင်း(၁၀)ပွဲစီဖြင့် အောက်တို ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အနိုင်ရဗိုလ်စွဲသည့်အသင်းအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် လှာကမြင် အားကစားကွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၅၈ ဒသမ ၉၁၂ သန်းဖြင့် (၈၀ပေ x ၄၀ပေ) RC အမျိုးအစား လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ပြီးစီးမှု၊ ပြည်နယ်ပိုက်ကျော်ခြင်း အားကစား လေ့ကျင့်ရေး ရုံနှင့် ပြည်နယ် ကြက်တောင်အားကစားလေ့ကျင့်ရေးရုံတို့အား သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြရာ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများက ဝန်ထမ်း အိမ်ရာတည်ဆောက်မှုပြီးစီးမှု၊ အားကစား ရုံနှင့်အားကစားကွင်းများ ပြင်ဆင်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း