ညောင်လေးပင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

ညောင်လေးပင် အောက်တိုဘာလ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးစောဝါးလယ်ထူးအား တွေ့ဆုံ မေးမြန်းထားရှိသည်ကို ဖော်ပြလိုက်ပါသည်။

မေး။ ဆရာကြီးရဲ့အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ရာထူးတာဝန်ကို သိလိုပါတယ်ရှင့်။

ဖြေ။ ကျွန်‌တော်ကတော့ ဦးစောဝါးလယ်ထူး ပညာရေးမှူးတာဝန်ကို ထမ်းဆောင်နေပါတယ်။

မေး။ အသက် ၁၂ နှစ်အထက် အထက်တန်း အလယ်တန်း ကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေ တယ်လို့ သိရတဲ့အတွက် ဆရာကြီးအနေနဲ့ကာကွယ် ဆေးထိုးနှံပေးဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေကို သိချင်ပါတယ်ရှင်။

ဖြေ။ ဟုတ်ကဲ့ပါ၊အထက်တန်း၊မူလတန်းလွန်ကျောင်းများမှာရှိသည့် အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများကို နိုင်ငံတော်အစီအစဥ်နှင့်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသက်(၁၂)နှစ်အထက်ရှိနိုင်မည့် Grade(6)မှ Grade(11)ကြားရှိ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ၏စာရင်းကို ဦးစွာစာရင်းပြုစုပေးပါတယ်။ တစ်ချို့မူလတန်းကျောင်းများမှာ အသက်(၁၂) အထက် ကလေးများရှိသည့်အတွက် အဲ့ဒီကလေးများကိုလည်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဒေသမှူးဆရာကြီးများနှင့်ပူးပေါင်းပြီး စာရင်းပြုစုပေးပါတယ်။ ကွန်ပျုတာ ရေးသွင်းမှုများကို လည်းဆောင်ရွက်ခဲ့ပါတယ်။ နောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်မကြီးတို့ဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအတွက် စုရပ်ကျောင်းများကိုလည်း ဒေသလမ်း ပမ်းဆက်သွယ်ရေး အခြေအနေအရ ရွေးချယ်ခဲ့ကြပါတယ်။ စုရပ်ကျောင်းများ၌လည်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆေးထိုးနိုင်ရေးအတွက် ကျောင်းများ၌ ကျောင်းနှင့်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဆေးထိုးရန်နေရာများ ပြင်ဆင်ခြင်း၊ နားနေခန်းများပြင်ဆင်ခြင်း၊ အသက်(၁၂)နှစ်အထက်ရှိသည့် ကျောင်းသား/ကျောင်းသူများ၏ မိဘများအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို သဘောတူကြောင်း သက်ဆိုင်ရာမိဘများကို ဆက်သွယ်ပြီး မိဘသဘောတူချက်များ ရယူခြင်း၊ ကျောင်းများ၌ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း ကြေငြာခြင်းများ ဆောင်ရွက်ထားပါတယ်။ ကျောင်းများ၌လည်း ကာကွယ်ဆေးထိုးနှံရေးအတွက် ကြေငြာထားသည့် Vinyl များ၊ ကာကွယ်ဆေး မထိုးနှံပေးသင့်သည့် ကျောင်းသား/ကျောင်းသူများ ဆေးထိုးပြီးကာစ ဖြစ်တတ်သည့် နောက်ဆက်တွဲ လက္ခဏာများ စသည်တို့ကိုလည်း ကျောင်းများ၌ အသိပေးကြေငြာစာတမ်းများကပ်ပြီး မိဘပြည်သူများကို အသိပေးထားပါတယ်။ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှလည်း ကာကွယ်ဆေးထိုးနှံရေးနှင့် ကျောင်းများနှင့်ဆက်သွယ်ပြီး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် ကြေငြာပေးမှုများဆောင်ရွက်ပေးထားပါတယ်။

မေး။ ညောင်လေးပင်မြို့နယ်တွင် အသက်၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည့် စုရပ်နေရာများကို သိချင်ပါတယ်ရှင်။

ဖြေ။ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့နှင့် ညှိနှိုင်းပြီး ညောင်လေးပင်မြို့နယ်အတွင်းက ကျောင်းသားကျောင်းသူများကို ဆေးထိုးစုရပ် (၄) နေရာ သတ်မှတ်ထားပါတယ်ခင်ဗျာ မြို့ပေါ်စုရပ်ကျောင်း(၄)နေရာ၊ ကျေးလက် ဒေသမှလည်း သတ်မှတ်ထားသည့်မြို့ပေါ်စုရပ်‌ ကျောင်းများမှာလာရောက်ထုံးနှံရမှာဖြစ်ပါတယ်။

မေး။ ဆရာကြီးတို့ ပညာရေးဌာနရဲ့ အခြေခံ ပညာကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ ကျောင်းသူဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ။ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်သည့် ကျောင်းသား/ သူစာရင်းမှာညောင်လေးပင်မြို့နယ် အတွင်း စာရင်းအရ (၈၄၆၅)ဦးရှိပါတယ်။ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာ‌ရေးကျောင်းများမှ ကျောင်းသားကျောင်းသူများအားလုံးပါ ပါတယ်။NFPF ကျောင်းပြင်ပ ပညာရေးမှ ကျောင်းသား/ ကျောင်းသူများလည်း ထည့်သွင်းကောက်ယူထားပါတယ်။

မေး။ အကျုံးဝင်တဲ့ကျောင်းသားကျောင်းသူတွေကို သတ်မှတ်နေရာများမှာ ထိုးနှံဖို့ အသိပညာပေးမှုတွေ ဘယ်လိုဆောင်ရွက်ထားပါသလဲ။

ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက် အကျုံးဝင်တဲ့ကလေးများကို သက်ဆိုင်ရာစုရပ်များမှာ ဆေးထိုးနိုင်ရေးအတွက်ကတော့ သက်ဆိုင်ရာဒေသအလိုက် ဒေသမှူးများမှတစ်ဆင့် သက်ဆိုင်ရာ ကျောင်းအုပ်များအား စုရပ်နေရာများကို သတင်းပေးပြီး ကျောင်းများမှ မိဘများထံ ထပ်ဆင့် ဆက်သွယ်ပြီး သတင်းပေးပါတယ်။

မေး။ အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်နေတဲ့ ဌာနနဲ့အဖွဲ့အစည်းတွေကို လည်းသိပါရစေရှင်။

ဖြေ။ ကာကွယ်ဆေးထိုးနှံရေးအတွက် အဓိကပံပိုးပေးကြတဲ့ အဖွဲ့အစည်းများကတော့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများဘဲ ဖြစ်ပါတယ်။

မေး။ အသက်(၁၂)နှစ်အထက်ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်မှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံကိုလည်းပြောကြားပေးပါရှင့်။

ဖြေ။ ကျွန်‌တော်အနေဖြင့် ကျောင်းသားကျောင်းသူများကို ကျောင်းမဖွင့်မီ ကာကွယ်ဆေးထိုးနှံ နိုင်ခြင်းအားဖြင့် ကျောင်းဖွင့်လှစ်သည့်အခါတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာစွာဖြင့် ပညာသင်ယူနိုင်မှာဖြစ်သလို မိဘပြည်သူများအနေဖြင့်လည်း စိတ်ချလက်ချနဲ့ကျောင်းကို စေလွှတ်နိုင်မှာ ဖြစ်ပါတယ်။ ကျောင်းများမှလည်း ကိုဗစ်စည်းကမ်းနဲ့အညီ လိုက်နာမယ်ဆိုရင် ကျောင်းသားကျောင်းသူများ၏ သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးတော့ဘဲ ကျောင်းများကို ဖွင့်လှစ်နိုင်ပြီး အေးချမ်းပျော်ရွှင်စွာ စိတ်ချလုံခြုံစွာဖြင့် ပညာသင်ယူနိုင်မှာဖြစ်လို့ ဝမ်းသာရပါတယ်။

မေး။ ဆရာကြီးအနေနဲ့ တခြားဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါရှင့်။

ဖြေ။ ကျွန်‌တော်အနေဖြင့် ကျောင်းသား/ကျောင်းသူမိဘများကို မိမိသားသမီးများ ဆေးမထိုးရမည့် ကလေးများမှလွှဲ၍ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြစေလိုပါတယ်။ ဆေးထိုးဘို့လည်း အချင်းချင်း တိုက်တွန်းစေချင်ပါတယ်။ အသိပေးစေချင်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကူးစက်ခဲ့လျှင်တောင် ရောဂါဝေဒနာ သိပ်မခံစားရဘူး၊ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူး။ (၈၀)ရာခိုင်နှုန်းလောက် ကာကွယ်ပေးတာဖြစ်လို့ ကာကွယ်ဆေးကို ထိုးဖြစ်အောင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။

ယခုလိုဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးပဲကျေးဇူးတင်ပါတယ်ရှင့်။

နီနီ(ပြန်/ဆက်)