ရေနံချောင်း အောက်တိုဘာ ၁၂
“ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သောအနာဂတ်ပန်းခင်းများဆီသို့” ဆောင်ပုဒ်နဲ့အညီ “ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးကြပါဆို့” ဆိုသည့်အတိုင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု နည်းပါးလာခဲ့၍ ကျောင်းသား/သူ လူငယ်မောင်မယ်များ၏ ပညာရေးနစ်နာမှုမရှိစေရေအတွက် မကြာမီကာ လတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရေးကို နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွင်စွာနှင့် ကျန်းမာရေး ထိခိုက်မှုမရှိစေရေး ၊လုံခြုံစိတ်ချစွာပညာသင်ကြားနိုင်စေရေးအတွက် အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရေနံချောင်းမြို့နယ် ပညာရေးမှူး ဦးအေးဝင်း နှင့် တွေ့ဆုံမေးမြန်းမှုအား ရေးသား တင်ပြအပ်ပါသည်။
မေး။ ဆရာ့မင်္ဂလာပါရှင်၊အခြေခံပညာအထက်တန်း/အလယ်တန်းကျောင်းများမှာ နိုင်ငံတော် အစီအစဉ်နဲ့ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေကို သိပါစေရှင့် ။
ဖြေ။ ကျွန်တော်ကတော့မြို့နယ်ပညာရေးမှူး ဦးအေးဝင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော့်မြို့နယ်မှာ အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့် ကျောင်း(၆၆)ကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်း (၂)ကျောင်း အပါအဝင် (၆၈)ကျောင်းရှိပါတယ် ။ အဲ့ဒိ (၆၈)ကျောင်းက ကျောင်းအုပ်ကြီးများကို အောက်တိုဘာလ (၃) ရက်နေ့မှာတစ်ကြိမ် ၊ အောက်တိုဘာလ (၉)ရက်နေ့မှာ တစ်ကြိမ်တွေ့ဆုံ ဆွေးနွေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများဆောင်ရွက်ခဲ့ပါတယ် ။လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ကျောင်းအုပ်ကြီးများကို မိမိတို့ကျောင်းမှာရှိတဲ့ အတန်းပိုင်တွေ ၊ ဘာသာပြ ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသား မိဘတွေကိုခေါ်ယူ တွေ့ဆုံပြီးတော့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစေဖို့ အသိပညာပေး အစည်းအဝေးတွေ ဆောင်ရွက်ဖို့ မှာကြားပြီးဖြစ်ပါတယ်။
မေး။ ဆရာရှင့်ရေနံချောင်းမြို့နယ်အတွင်းမှာရှိတဲ့ အသက်(၁၂)နှစ်အထက်ကျောင်းသား/သူ လူဦးရေ စာရင်းလေးကိုပြောပြပေးပါဦးရှင့် ။
ဖြေ။ ဟုတ်ကဲ့ခင်ဗျ ကျွန်တော်မြို့နယ်အတွင်းမှာ လက်ရှိတက်ရောက်နေတဲ့ အလယ်တန်းအဆင့် ကျောင်းသူ၊ကျောင်းသား(၃၀၁၀)ယောက်ရှိပါတယ်။အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ဦးရေကတော့(၆၂၇)ယောက်ရှိပါတယ်။ကိုယ်ပိုင်းကျောင်း (၂)ကျောင်းက မေတ္တာရောင်ခြည် နဲ့ YNEC က (၇)ယောက် ရှိပါတယ်။ဒါကြောင့်ကျွန်တော်မြို့နယ်မှာ အသက် (၁၂)နှစ်ကနေ အသက် (၁၈)နှစ်အတွင်း အလယ်တန် ၊ အထက်တန်း ကျောင်းသူကျောင်းသားပေါင်း (၃၆၄၄)ဦးရှိပါတယ်။
မေး။ ဆရာရှင့် အခု ကာကွယ်ဆေးထိုးနှံပေးမယ့်အခါမှာပေါ့ သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်များ သတ်မှတ်ထားတယ်လို့သိရပါတယ်ရှင့်။ ဆေးထိုးစုရပ်များ သတ်မှတ်ထားတဲ့ နေရာများကိုလည်း ကျောင်းသားမိဘများနဲ့ ကျောင်းသား၊ကျောင်းသူများ သိရှိစေရေး ပြောပြပေးပါဦးရှင့် ။
ဖြေ။ ဟုတ်ကဲ့ခင်ဗျာ။မြို့နယ်မှာ ကျောင်းပေါင်း(၆၈)ကျောင်းမှာဆေးထိုးစုရပ်များအနေနဲ့ (၁၁)ခု စီစဉ်ထားပါတယ်ခင်ဗျာ။ အဲ့ဒိ(၁၁)ခုကတော့ မြို့ပေါ်မှာ(၃)ခု အ.ထ.က(၁)၊ အ.ထ.က(၂) နဲ့ အ.ထ.က(၃) တို့မှာ စုရပ် (၃)ခု စီစဉ်ထားပြီး ကျန်တဲ့ (၈)ခု ကတော့ ကျေးရွာတွေမှာ စီစယ်ထားတာဖြစ်ပါတယ်။ကျေးရွာမှာရှိနေတဲ့ ဆေးထိုးစုရပ်အနေနဲ့ကော မြို့ပေါ်မှာရှိနေတဲ့ ဆေးထိုးစုရပ်တွေမှာပါ အသံချဲ့စက်နဲ့ ကာကွယ်ဆေးထိုးနှံဖို့ အသိပညာပေးဟောပြော စည်းရုံး တာမျိုး ဆောင်ရွက်ဖို့ ကျောင်းအုပ်ကြီးတွေကို လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောကြား ပြီးဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံပေးမယ့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူ စာရင်းတွေ မကျန်းအောင် ကျောင်းအလိုက် ဆောင်ရွက်ထားရှိမှုလေးတွေကိုပြောကြားပေးပါ အုံးရှင့်။
ဖြေ။ အောက်တိုဘာလ(၃)ရက်နေ့ အစည်းအဝေးမှာ မိမိတို့ကျောင်းမှာရှိနေတဲ့ တက်ရောက်နေတဲ့ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသူကျောင်းသားတွေကို မကျန် အောင် သက်ဆိုင်ရာ အတန်းအသီးသီးက အတန်းပိုင်တွေ ၊ ဘာသာပြ ဆရာ/ဆရာမတွေကို စာရင်းပြုစုဖို့ မှာကြားထားပြီးဖြစ်ပါတယ်။
မေး။ ဆရာရှင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အသက် (၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတဲ့အပေါ်မှာ ဆရာကြီးရဲ့ ပီတိစကားသံလေးလည်းပြောကြား ပေးပါဦးရှင့်။
ဖြေ။ ဟုတ်ကဲ့ခင်ဗျာ ။ ကျောင်းသူကျောင်းသားတွေဟာ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ပညာ သင်ကြားခဲ့ရပြီးတော့ ၂၀၂၀-၂၀၂၁ မှာ တစ်လလောက်ပဲကျောင်းဖွင့်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေပိတ်ခဲ့ပါတယ်။ အခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာလဲ ဒီနေ့ဒီအချိန်ထိ ကျောင်းတွေကို ရပ်နားထားခဲ့ရတာဆိုတော့ ဒါတွေဟာ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ကလေးလေးတွေဟာ ပညာသင်နှစ် (၂)နှစ် နီးပါး ရပ်နားနေရတာဖြစ်တဲ့အတွက် ကလေးလေးတွေကိုယ်တိုင်ကလဲ အသက် အရွယ် ကြီးရင့်သွားတာရှိသလို နောက် ပညာရေးမျိုး ဆက်ကလည်း အဆက်ပြတ်သွားတာ ရှိပါတယ်။ အဲတော့ ဘာပဲဖြစ်နေနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် ကလေးလေး တွေဟာ ကျန်းမာသန်စွမ်းပြီးတော့ ပညာရေးကိုဆက်လက်သင်ယူနိုင်မှာ ဖြစ်နဲ့အတွက် ကျောင်းသူ ကျောင်းသားများကိုယ်စား ကျွန်တော့်အနေနဲ့ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ရှိပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးဟာ ကိုယ့်အပေါ်မှာပဲမူတည်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ကနေ ကာကွယ် ဆေးထိုးဖို့ အခွင့်ပေးတုန်း ၊ ကာကွယ်ဆေးထိုးနှံပေးတုန်းကို ကျောင်းတက်ရောက် ပညာသင်ကြားနေတဲ့ ကျောင်းသူတိုင်း ကျောင်းသားတိုင်း မပျက်မကွက်ထိုးနှံစေချင်ပါတယ်လို့ ကျွန်တော် ဆန္ဒပြုပါတယ် ။
ငြိမ်းငြိမ်းအိ