မုံရွာ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန Community Centreခန်းမတွင် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦစီးအရာရှိ ဒေါ်စိုးစိုးဝင်း က မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး Talk Show အစီအစဉ်ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေးရာတွင် မသန်စွမ်းအမျိုးအစား(၄)မျိုး၏ ကိုယ်စားလှယ်များပါဝင်သော မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဖွဲ့စည်းထားရှိမှု၊ မသန်စွမ်းသူများ ဖွံ့ဖြိုးရေးဥပဒေမူကြမ်း အတည်ပြုပြဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများအား ပြုစု ထောက်ပံ့ပေးနေမှု၊ မျက်မမြင်ကျောင်းများနှင့် မသန်စွမ်း ကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ထောက်ပံ့စောင့်ရှောက်နေမှု၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ အထိမ်းအမှတ်အကြို လှုပ်ရှားနေမှု၊ မသန်စွမ်းသူများအသင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စေတနာ့ဝန်ထမ်းဆရာဖြစ်သင်တန်းနှင့် ဆင့်ပွား သင်တန်း Onlineမှဖွင့်လှစ်ဆောင်ရွက်နေမှု၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ မသန်စွမ်းကျောင်းများတွင် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ မျက်မမြင်များအတွက် လက်စမ်းစာဖြင့် ဖတ်ရှုလေ့လာနိုင်မည့် စာကြည့်တိုက်ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်နေမှုနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ထိန်လင်း-မုံရွာ