မြိတ် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၁ -၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ပေါင်း(၇၀၀၀)ကျော်ဖြင့် လမ်းလုပ်ငန်း(၃၅)ခုနှင့် တံတား လုပ်ငန်း(၃၃)ခုကို မြို့နယ်များတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
မြိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၆၉၈)သန်းနှင့် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၆၃၀၈.၂၅)သန်းဖြင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ မြေသားလမ်း၊ RC တိုင် RC ခင်းလမ်းနှင့် သံကူကွန်ကရစ်တံတားများနှင့် Box Culvert စသည့် လမ်းလုပ်ငန်း(၃၅)ခုနှင့် တံတား လုပ်ငန်း(၃၃)ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်းများမှာ ကွန်ကရစ်လမ်း (၂၁)လမ်း(၁၅/၆)မိုင်၊ ကတ္တရာလမ်း(၅)လမ်း (၂/၄)မိုင်၊ မြေသားလမ်း (၆)လမ်း(၁၉/၃)မိုင်၊ RC တိုင် RC ခင်းလမ်း (၃)လမ်း(၉၄၈)ပေ ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတားလုပ်ငန်းများမှာ (၂၅)ပေ သံကူကွန်ကရစ် တံတား(၂)စင်း၊ (၁၅)ပေ သံကူကွန်ကရစ်တံတား(၁)စင်း၊ (၁၀)ပေ သံကူကွန်ကရစ်တံတား(၅)စင်းနှင့် (၅)ပေ သံကူကွန်ကရစ် Box Culvert (၂၅)စင်းတို့ကို ခရိုင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရ မှ ကြီးကြပ်၍ မြို့နယ်များ အလိုက် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် )