ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော နေကြာမျိုးစေ့များအား တောင်သူများထံသို့ ပေးအပ်ပွဲပြုလုပ်

ပေါက်ခေါင်း အောက်တိုဘာ ၁၂

၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရာသီတွင် ပဲမျိုးစုံစိုက်ဧကများအတွင်း နေကြာ သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့များတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါက်ခေါင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  မြို့မနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ နေကြာမျိုးစေ့ပေးအပ်ပွဲတွင် ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းမှ နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့်ဒေသတွင်း ဆီဖူလုံမှုမြင့်မားစေရန်ရည်ရွယ်၍ မျိုးစေ့များ ထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဧက(၂၀၀)စာအတွက် နေကြာမျိုးစေ့ များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်တာဝန်ရှိသူများက သီးနှံစိုက်ပျိုးမည့် တောင်သူများထံသို့ မျိုးစေ့များ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)