ဟင်္သာတ အောက်တိုဘာ ၁၂
မေး။ ဆရာကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ။ ကျွန်တော့နာမည်ကတော့ ဦးဦးလှမြင့်ပါ၊ဟင်္သာတ မြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။
မေး။ ဆရာကြီးတို့ရဲ့ အထက်တန်း/ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ။ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာ ဟင်္သာတမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်ပြည့်ပြီး (ကိုယ်ပိုင်ကျောင်းရော၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ)ပါ အပါအဝင် အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးဖို့အစီအစဉ်ဆွဲထားပါတယ်။ ကာကွယ်ဆေးထိုးရာမှာ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ်မှာ တက်ခဲ့တဲ့ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးစုရပ်(၈)ခုနဲ့ အထက်တန်း/ အလယ်တန်း ကျောင်းသား/ ကျောင်းသူပေါင်း(၁၃၁၉၄)ဦးကို ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးမှူးရုံးက ဖြည့်သွင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ကာ စီမံချက်ရေးဆွဲထားပြီးဖြစ်ပါတယ်။
မေး။ ဆေးထိုးရန် လျာထားသည့် ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ဦး ရှိပါသလဲ ဆရာရှင့်။
ဖြေ။ ဆေးထိုးရန် လျာထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေကတော့ ဟင်္သာတ မြို့နယ် အတွင်း အလယ်တန်းအဆင့် ကျောင်း (၇၁)ကျောင်းမှ (၉၄၂၆) ဦး၊ အထက်တန်းအဆင့် ကျောင်း (၄၃)ကျောင်းမှ (၃၇၆၈) ဦး စုစုပေါင်း (၁၃၁၉၄) ဦး ဖြစ်ပါတယ်။
မေး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်နေရာလေးတွေ သိချင်ပါတယ် ဆရာကြီးရှင့်။
ဖြေ။ ကာကွယ်ဆေးထိုးနှံမယ့် စုရပ်တွေကို (၈)ခုသတ်မှတ်ထားပါတယ်။ မြို့ပေါ်ကျောင်း အားလုံးကိုတော့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှာ စုရပ်အဖြစ် သတ်မှတ် ထိုးနှံပေးမယ်၊ နယ်ကကျောင်းတွေကိုတော့ အထက နိဗ္ဗာန်ကျောင်းစုရပ်၊ အထက ဓမ္ဘီကျောင်းစုရပ်၊ အထက တလုတ္ထော်ကျောင်းစုရပ်၊ အထက ဒူးယားကျောင်းစုရပ်၊ အထက ကြွက်ကျွန်းကျောင်းစုရပ်၊ အထက ယုန်သလင်းကျောင်းစုရပ် ၊ အထက ရှားခဲကျောင်းစုရပ် တွေ သတ်မှတ်ပြီး ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့ ဘက ပညာသင်ကျောင်းအားလုံး ကိုတော့ အထက (၁)ဟင်္သာတ ကျောင်းစုရပ်မှာ ထိုးနှံပါမယ် အဲလို ဆေးထိုးစုရပ်(၈)ခုကို ကြိုတင်လျာထားဆောင်ရွက်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ ကျောင်းသား/ ကျောင်းသူတွေကို စုရပ်တွေမှာ လာရောက်ထိုးနှံဖို့အတွက် အသိပေးချက်တွေ ကို ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ သိပါရစေ။
ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက် မြို့နယ်ပညာရေးမှူးရုံးမှာ ကျောင်းအုပ်ကြီးတွေကို အစည်းဝေးခေါ်ပြီး အထက်အဆင့်ဆင့်က ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုက်နာ ဆောင်ရွက်သွားဖို့၊ ဆေးထိုးစုရပ်တိုင်းမှာရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ဆက်သွယ်အသိပေးဖို့ မှာ ကြားထားပြီး ဖြစ်သလို ဆောင်ရွက်ထားပြီးလည်း ဖြစ်ပါတယ်။ ကျန်းမာရေးဌာနက လမ်းညွှန်ချက်တွေနဲ့ ဆေးထိုးစုရပ်တွေမှာ ဘယ်နေ့ ဆေးထိုးရမယ်၊ ကျောင်းသား၊ ကျောင်းသူတွေ စာရင်းကို ဘယ်နေ့ပို့ရမယ် ဆိုတာကအစ သိရှိပြီဆိုတာနဲ့ အချိန်နဲ့တစ်ပြေးညီ ကျောင်းအုပ်ကြီးတွေကို ဆက်လက်အသိပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီး တွေကမှတဆင့်မိဘတွေ၊ ကျောင်းသား၊ ကျောင်းသူတွေကိုဆက်လက် အသိပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသား မိဘတွေကိုလည်း ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းများနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာကျောင်းတွေအလိုက် ခေါ်ယူဆွေးနွေး၊ ပြောပြထားပြီးလည်း ဖြစ်ပါတယ်၊ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ကျောင်းအားလုံးက တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး ဖြန့်ဝေခဲ့ပြီး ဖြစ်ပါတယ် ။
မေး။ အသက် ၁၂ နှစ်အထက်ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာန/အဖွဲ့အစည်းတွေကို သိပါရစေ။
ဖြေ။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာမှာ အဆင်ပြေပြေဆောင်ရွက်နိုင်ဖို့ ပူးပေါင်းပါဝင်အားဖြည့်တဲ့ မိတ်ဖက်ဌာန အဖွဲ့အစည်းတွေကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနဲ့ ပညာရေးဌာနက ကျောင်းအုပ်ကြီးများနဲ့ ဆရာ၊ ဆရာမတွေ ကျောင်းအကျိုးတော်ဆောင်အဖွဲ့တွေ မိဘတွေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါ။
ဖြေ။ ကိုဗစ်-၁၉ ပထမလှိုင်းမှာအခြေခံပညာ ကျောင်းတွေကို ပိတ်ထားရပါတယ်။ ကလေးတွေက ပညာသင်ယူခွင့်လျော့နည်းသွားတော့ ဒီနှစ်မှာလည်းပညာသင်ခွင့် မဆုံးရှုံးရအောင် နိုင်ငံတော်ရဲ့စီမံချက်နဲ့အညီ ကာကွယ်ဆေးတွေထိုးနှံပြီးပါက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရင်ဆရာဆရာမတွေ ပညာရေးဝန်ထမ်းတွေလည်း ကာကွယ်ဆေး ထိုးထားပြီး ဖြစ်သလို ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ရောဂါကင်းဝေးပြီး ပညာသင်ယူခွင့် မဆုံးရှုံးရဘဲ ပညာသင်နှစ် တစ်လျှောက်လုံး ကောင်းစွာပညာသင်ယူနိုင်မယ့် အခွင့်အလမ်း ရှိတဲ့အတွက်ကြောင့် ပညာရေးဌာန ကိုယ်စား မြို့နယ်ပညာရေးမှူး အနေနဲ့လည်းကောင်း ဝမ်းသာပီတိ ဖြစ်ရပါတယ်ခင်ဗျာ။ ကလေးတွေရဲ့ ပညာသင်နှစ် မဆုံးရှုံးရအောင်နိုင်ငံတော်က ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွေကို ပြီးစီးအောင် ဆောင်ရွက်သွားတဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းတွေ ကျဆင်းလာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
မေး။ ဆရာကြီးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ဖြည့်စွက် ပြောချင်တာကတော့ နိုင်ငံတော်ရဲ့စီမံချက်မှာ မြို့နယ်ပညာရေးမှူးရုံး အနေနဲ့လည်း တစ်တပ်တစ်အား ပါဝင်ပြီး ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်လို့ မြို့နယ်ပညာရေးမှူးကအစ လက်ထောက် မြို့နယ်ပညာရေးမှူးအထိ အောက်ခြေထိ အဆင့်ဆင့်သော ဝန်းထမ်းများပါမကျန် ပါဝင် ကြီးကြပ် ဆောင်ရွက်သွားရတာကြောင့် နိုင်ငံတော်စီမံချက်ဖြစ်တဲ့ ကလေးတွေရဲ့ပညာရေးကို ရှေးရှုပြီး အတတ်နိုင်ဆုံး ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ကူညီပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုလိုဖြေကြားပေးတဲ့အတွက် ဆရာကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်။
ဆက်လက်ပြီး ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဦးအောင်ကြွယ်ကိုလည်း ဆက်သွယ် မေးမြန်းခဲ့ပါသေးတယ်
မေး။ မင်္ဂလာပါရှင့် အခုအခါမှာ နိုင်ငံတော်ရဲ့အစီအစဉ် နှင့်အခြေခံပညာကျောင်းတွေက အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကိုCOVID-19ရောဂါကာကွယ်ဆေး ထိုးနှံပေးမယ်လို့ ကြော်ငြာထားတယ် အဲဒီအပေါ်မှာ အစ်ကို့ရဲ့အမြင်လေးကို ကြားသိချင်ပါတယ်ရှင့်။
ဖြေ။ ဟုတ်ကဲ့ခင်ဗျ နိုင်ငံတော်ရဲ့အစီအစဉ်နှင့်အခြေခံပညာကျောင်းတွေက အသက်(၁၂)နှစ် အထက်ကျောင်း/သူတွေကိုCOVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဟာ အလွန်ကောင်းပါတယ်၊ ကာကွယ်ဆေးထိုးနှံခြင်းအားဖြင့် ကလေးတွေရဲ့ကျန်းမာရေးကို ကာကွယ်ပေးလို့ သူတို့အနေနဲ့ ပညာရေးကို ဒီနှစ်ပိုင်းအတွင်းဆက်လက်သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် အခြေခံပညာ ကျောင်းတွေကို ပြန်လည် ဖွင့်လှစ်နိုင်မှာပါ ၊ ကျောင်းတွေကို လည်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးပါလို့ ဆုတောင်းပေးပါတယ် အဲဒါကြောင့် ဒီလို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ကျောင်းသား မိဘတစ်ယောက်အနေဖြင့် အရမ်းဘဲဝမ်းသာ ကျေနပ်မိပါတယ်။
မေး။ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးနှံရန်ဆောင်ရွက်နေမှု အပေါ်ကျောင်းသားမိဘ တစ်ဦးအနေဖြင့် ပူးပေါင်းပါဝင်မယ့် အစီအစဉ်ကို သိပါရစေရှင့်။
ဖြေ။ အခြေခံပညာကျောင်းတွေမှာ ကာကွယ်ဆေးထိုးရန် ဆောင်ရွက်နေမှုအပေါ် ကျောင်းသား မိဘတစ်ဦးအနေနဲ့ လိုအပ်တဲ့ဘက်က ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားမှာပါ၊အခြားကျောင်းသား မိဘများကိုလည်းပူးပေါင်း ပါဝင်ဖို့ တိုက်တွန်း နှိုးဆော်သွားမှာပါ။
မေး။ အခုလို မိမိရဲ့ရင်သွေး ကလေးငယ်တွေ ကိုကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်နိုင်တဲ့ အပေါ်ပီတိစကားသံလေး ကြားချင်ပါတယ်ရှင့်။
ဖြေ။ မိမိရဲ့ရင်သွေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံပေးဖို့ ဆောင်ရွက်မူအပေါ် နိုင်ငံတော်နဲ့ တာဝန်ရှိသူများကို အထူးပဲ ကျေးဇူးတင်ပါတယ်၊ ကိုယ့်ရင်သွေးအပါအဝင် အခြားသော သားငယ်သမီးငယ်များအတွက်ပါ ကျန်းကျန်းမာမာနဲ့သူတို့ တွေရဲ့ ဘဝရှေ့ရေး အတွက် အတန်းပညာကို ဆက်လက်သင်ကြားနိုင်မှာ ဖြစ်တဲ့အတွက်စိတ်ကူးနဲ့တွေးပြီးဝမ်းသာပိတိဖြစ်မိပါတယ်ခင်ဗျာ ။
ဟုတ်ကဲ့ခုလို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် ။
ခင်သန္တာထွေး