ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများအား တွေ့ဆုံမေးမြန်းခြင်း

ဝေါ အောက်တိုဘာ ၁၁

ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစန်းအောင်နှင့် အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေး မှူး ဦးကြည်စိုးတို့အားသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး−   ဆရာ့ရဲ့အမည်နဲ့ တာဝန်ကို မိတ်ဆက်ပေးပါဦးခင်ဗျာ။

ဖြေ−   ကျွန်တော်ကတော့ဝေါမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော် ဖြစ်ပါတယ်။

မေး−   ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဝေါမြို့နယ်အနေနဲ့ စီမံဆောင်ရွက်ထား ရှိမှု အခြေအနေကို သိပရစေခင်ဗျာ။

ဖြေ−   ကျွန်တော်တို့ ဝေါမြို့နယ်မှာ အခြေခံပညာကျောင်းပေါင်း (၁၃၀)ကျောင်းရှိပါတယ်။ အခြေခံပညာ ကျောင်းများမှာ(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၁၀,၇၅၉) ဦး၊ ဘုန်းတော်ကြီး သင်ကျောင်းက (၃၁၃)ဦး၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ (၃၇)ဦး စုစုပေါင်း (၁၁,၁၀၉)ဦး ဖြစ်ပါတယ်။ ဆေးထိုးရန်အတွက် မြို့နယ်မှာ(၁၀)ဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်ထားပါတယ်။ ဆေးထိုးမယ့် နေရာကတော့(၃၀) နေရာဖြစ်ပါတယ် ဝေးတဲ့နေရာတွေကျတော့ ညအိပ်ညနေ ဆေးထိုးသွားပြီး အဲ့ဒီနေရာမှာ အထိုင်ချပြီး ဆေးကိုသယ်ယူပေးမှာပါ။ ပြီးတော့စုရပ်နေရာတွေမှာ ထိုးမယ် ကျောင်းတွေမှာ ရွေ့ပြောင်းပြီးထိုးမယ်၊ နေ့ချင်းပြန်လို့ရတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နဲ့နီးတဲ့ ရွာတွေကျတော့ နေချင်းပြန်အဖွဲ့တွေသွားပြီးတော့ ထိုးမှာဖြစ်ပါတယ်။

မေး−  အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူတွေအတွက် ကာကွယ်ဆေးရရှိမှု အခြေ အနေနှင့် ကာကွယ်ဆေးကိုဘယ်နေ့စတင်ထိုးနှံပေးမလဲဆိုတာနဲ့ ဘယ်နှစ်ရက်ထိုးနှံပေးမလဲ ဆိုတာ ကိုလည်းသိချင်ပါတယ်ခင်ဗျ။

ဖြေ−   ဝေါမြို့နယ်မှာ အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) အမျိုးအစားဆေးကို ၁၂.၁၀.၂၀၂၁ ရက် နေ့မှစ၍ ထိုးနှံရန် လျာထားပေးသော်လည်း ဆေးရောက်ရှိမှုနောက်ကျသဖြင့် ၁၄.၁၀.၂၀၂၁ ရက်နေ့ တွင် စတင်ထိုးပေးသွားမှာ ဖြစ်ပါတယ်။

မေး− ကျောင်းသားမိဘတွေနဲ့ ကျောင်းသူ/ကျောင်းသားများကို ပြောချင်တဲ့ စကားလက်ဆောင် လေးကိုလည်း ပြောကြားပေးပါဦးခင်ဗျာ။

ဖြေ-ကိုဗစ် ၁၉ ကာကွယ်ဆေး (Sinovac)ထိုးနှံရာတွင် ပြင်းထန်နောက်ဆက်တွဲ ရောဂါဖြစ်ပေါ်နိုင်မှုမှာ ကလေးဦးရေးတစ်သန်းထိုးလျှင် တစ်ဦးသာဖြစ်သဖြင့် ဝက်သက်ရောဂါကာကွယ်ဆေးနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားမှုအလွန်းနည်းပါးပြီး၊ အစားအစာစားပြီးမှ ဆေးထိုးစေရန်နှင့် ဆေးထိုး ပြီးလျှင်လည်း သတ်မှတ်နေရာ၌ မိနစ်(၃၀)ခန့် စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာသင့်ပြီး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကျောင်းသား/သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများတွင် စိတ်ချလုံခြုံစွာ ပညာသင်ယူခွင့် ရရှိမည်ဖြစ်သဖြင့်  မိမိသား/သမီး ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံချင်ပါတယ်။

မေး-    ဆရာကြီးရဲ့အမည်နှင့်ရာထူးကိုပြောပြပေးပါဉီးခင်ဗျာ။

ဖြေ-    ကျွန်တော်ကတော့ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁)ဦးစန်းအောင်ဖြစ်ပါတယ်။

မေး-   အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး ပေးရခြင်း ရည်ရွယ်ချက်ကို သိပရစေခင်ဗျာ။

ဖြေ-    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာနိုင်ငံအများစုတွင် ကျောင်းများပိတ်ထားရ၍ ကလေးများရဲ့ ပညာသင်ယူခွင့်များ ဆုံးရှုံးလျက်ရှိပြီး ကျောင်းများတွင် ပညာသင်ယူခွင့်များ ရရှိရေးအတွက် ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကလေးများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပါတယ် မြန်မာနိုင်ငံမှာလည်း အသက်(၁၂)နှစ်မှ (၁၈)နှစ် အတွင်းရှိ  အလယ်တန်းနှင့် အထက်တန်းကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ကလေးများရဲ့ ပညာသင်ယူမှု အခွင့်အလမ်းများ ဆက်လက်ရရှိစေရန် ရည်ရွယ်ကာ ထိုးနှံပေးခြင်းဖြစ်ပါတယ်။

မေး-   ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေနဲ့ ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများကို သိပရစေခင်ဗျာ။

ဖြေ-    ဝေါမြို့နယ်မှာတော့ ဇူလိုင်လ(၂၆)ရက်နေ့ကစတင်ပြီး အောက်တိုဘာလ(၁၁)ရက်နေ့ အထိ ပထမအကြိမ်ထိုးနှံပြီးသူ(၃၅၈၀၀)နှင့် ဒုတိယအကြိမ်ထိုးနှံပြီးသ (၁၁,၇၃၃)ရှိပြီး၊ ကာကွယ်ဆေး အမျိုးအစားတွေ ကတော့ Covishild၊ Sinovac၊ Sinopharm တို့ဖြစ်ပါတယ်။

မေး-    ဆရာကြီးရဲ့အမည်နှင့်ရာထူးကိုပြောပြပေးပါဦးခင်ဗျာ။

ဖြေ-    ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ် ပညာရေးမှူး ဦးကြည်စိုး ဖြစ်ပါတယ်။

မေး-   အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု  အခြေအနေကိုပြောပြပေးပါဦးခင်ဗျာ။

ဖြေ-  ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုနှင့် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းတွေမှာရှိတဲ့  အသက် (၁၂) နှစ်အထက်ကျောင်းသား၊ ကျောင်းသူများကို  စာရင်းပြုစုခြင်း၊ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအတွက်  ရေမြေဒေသအခြေအနေအလိုက် ကာကွယ်ဆေးထိုး စုရပ်များဖွဲ့စည်းခြင်း၊ ကာကွယ်ဆေးထိုးနှံမည့်အဖွဲ့များကို ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊  လူမှုဝန်ထမ်း ဦးစီးဌာန၊ ပညာရေးဌာနနှင့် ကျေးရွာမှာရှိတဲ့ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီးကာကွယ်ဆေး ထိုးအဖွဲ့များ ဖွဲ့စည်းခြင်း၊  အခြေခံပညာကျောင်းအုပ်များကလည်း အသက်(၁၂)နှစ်အထက် အလယ်တန်း၊  အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ဆေးထိုးနှံမည့် ကျောင်းသား/သူများ၏ မိဘများကို ကျေးရွာမှာရှိတဲ့ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံမည့်  အစီအစဉ်များကို ကြိုတင်အသိပေးခြင်း၊ မိဘများအား ဆေးထိုးနှံမည့် လုပ်ငန်းအစီအစဉ်များမှာ ပူးပေါင်းပါဝင်ရန် ကြိုတင်ညှိနှိုင်းခြင်း များဆောက်ရွက်လျက် ရှိပါတယ်။

မေး-  အသက်(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးနှံပေးမည့်  ကျောင်းသား၊ ကျောင်းသူ ဉီးရေကိုလည်း ပြောပြပေးပါဉီးခင်ဗျာ။

ဖြေ-    ပဲခူးခရိုင်၊  ဝေါမြို့နယ်တွင် (၁၂)နှစ်အထက် ကာကွယ်ဆေးထိုးနှံမည့် အလယ်တန်း အဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၁၁,၁၀၉ )ဦး ဖြစ်ပါတယ်။

မေး-    ကျောင်းသား၊ ကျောင်းသူများနဲ့ မိဘများကို ပြောချင်တဲ့ စကားလေးတွေရှိရင် လဲပြောပြ ပေးပါဉီးခင်ဗျာ။

ဖြေ-    ကျောင်းသား၊ ကျောင်သူများနဲ့ ကျောင်းသားမိဘများကို မေတ္တာရပ်ခံချင်တာကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းနဲ့ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက် ပေးစေလိုပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် မိမိနှင့်အတူ မိသားစုဝင်များ၊ ပတ်ဝန်းကျင်ရှိ လူသားအားလုံး၏ အသက်အန္တရာယ်ကို ကာကွယ်နိုင်သဖြင့် ကျောင်းသား/သူအားလုံး တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းတို့နဲ့ ရောဂါကာကွယ်ခြင်း လုပ်ငန်းများကို တစ်ဦးမကျန်ကာကွယ်ဆေးကို ထိုးနှံနိုင်စေရန်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါဘေးကနေ အားလုံး ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

စိုးမိုး(ပြန်/ဆက်)