ဂန့်ဂေါ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား စတုတ္ထ အသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ စတင်ထိုးနှံ ပေးနေကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအတွက် စတုတ္ထအသုတ် ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ဆေးအလုံးရေ (၅၀၀) လုံးရရှိထားပြီး လူဦးရေ ၂၅၀၀ ဦးပြည့်သည်အထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီခွဲ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် Yaw Rescue ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)