ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို တောင်သူဦး ရေပေါင်း ၁၃၄၀ ဦး အား ချေးငွေကျပ် ၆၉၁၀ ဒသမ ၅၀ သိန်း ထုတ်ချေးပေးပြီးဖြစ်

ပွင့်ဖြူ       အောက်တိုဘာ      ၁၂

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ် ၊ မိုးသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဇွန်လ(၁၀)ရက်နေ့က စတင်ပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့အထိ ဒေသခံတောင်သူ စုစုပေါင်း ၁၃၄၀ ဦးအား ချေးငွေကျပ်ပေါင်း ၆၉၁၀ ဒသမ ၅၀ သိန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။

 

အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာအုပ်စုနှင့်  မဒဲကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ ၆၃ ဦးအား မိုးစပါးစိုက်ဧက ၁၂၆ ဧက ၊ အခြားသီးနှံ ၃၆ ဧကအတွက် ချေးငွေကျပ် ၂၂၅ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရကာ ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု မဖြစ်စေရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထုတ်ချေးပေးခဲ့ပြီး တောင်သူများအား ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလတွင် အချိန်မီပေးဆပ်ရန်တို့ကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

 

ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး ရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စုရှိပြီး အဆိုပါ ကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများကို ဇွန်လ(၁၀)ရက်နေ့မှ စတင်၍ မိုးစပါးသီးနှံစိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ၊  အခြားသီးနှံ စိုက်ပျိုးရန်အတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု(၄၀)အုပ်စုရှိ တောင်သူဦးရေပေါင်း ၁၃၄၀ ဦးအား စပါးသီးနှံ ၆၀၂၉ ဧကနှင့် အခြားသီးနှံ ၅၆၇ ဧကအတွက် စုစုပေါင်းချေးငွေကျပ် ၆၉၁၀ ဒသမ ၅၀ သိန်း ထုတ်ချေး ပေးထားပြီးဖြစ်ကြောင်း ၊ ကျန်ရှိသည့် ကျေးရွာများမှ ဒေသခံတောင်သူများကိုလည်း မိုးသီးနှံအဆင်ပြေစွာ စိုက်ပျိုးသွားနိုင် ရေးအတွက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ် မန်နေဂျာ ဦးစန်းသော် က ပြောသည်။  

ရဲဝင်းနိုင် ( ညောင်ဦး )