ကြာအင်းဆိပ်ကြီးမြို့၌ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ လက်ကမ်းစာစောင်များဖြန့်ဝေ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၁၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်းအထက်တန်းကလေးများအား ကျန်းမာပျော်ရွင် ပညာသင်ကြားနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံနိုင်စေရေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ် ပညာရေးမှူးရုံမှ အခမဲ့ဖြန့်ဝေသည့် ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်း များဆီသို့ ဟူသည့်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ပေးခြင်းကို ယနေ့နံနက် ၈နာရီ အချိန်ခန့်က အမှတ်(၅)ရပ်ကွက် မြို့လယ်ဘမ်းဆုံနေရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း အထက်တန်း ကလေးများအား ကျန်းမာ ပျော်ရွင်စွာဖြင့် ပညာသင်ကြားနိုင်စေရေး ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရေး ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာ စေရေး မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းများကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အခြေခံပညာကျောင်းများမှ အလယ်တန်း အထက်တန်း ကလေးပေါင်း (၃၈၀၀)ခန့်အား ပထမအကြိမ်အဖြင့် ကြာအင်းဆိပ်ကြီးမြို့ရှိ ဇမိခန်းမ အ-ထ-ကကျောင်း သံပုရာကျေးရွာ၊အ-ထ-က ကျောင်း တံခွန်တိုင်ကျေးရွာ၊ အ-ထ-က(ခွဲ) ထီးပေါ့ကလိုးကျေးရွာ၊ အ-ထ-ကတောင်ပေါက်ကျေးရွာ၊အ-ထ-ကကျောင်း ကျိုက်ဒုံမြို့နှင့် အ-ထ-ကကျောင်း ဘုရားသုံးဆူမြို့ရှိ ကာကွယ်ဆေးထိုးနှံခြင်းဌာနစုရပ်များဖွင့်ပြီး အောက်တိုဘာလ တတိယအပတ်အတွင်း၌ စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၎င်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကျောင်းနေအရွယ်ကလေးများအား ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိုင်းနိုင်ငံ စင်္ကာပူနိုင်ငံ မလေးရှားနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံများ၌ ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

မျိုးမင်းဦး