ပလောက် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁၀နာရီက ပလောက်မြို့ Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show တွင် ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့ ဦးစီးမှူး ဒေါ်နှင်းမြူလွင် က အသက်(၁၆) နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသော လူ၀င်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပုလောမြို့နယ် ဦးစီးမှူးရုံးတွင် ပြည်သူများအနေဖြင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်နိုင်ရေး သိရှိစေရန် ရည်ရွယ်ချက် ဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဖြင့် ဒေသခံဖြစ်ပြီး အိမ်ထောင်စုရှိပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ၊ ဒေသခံဖြစ်ပြီး အိမ်ထောင်စု မရှိ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူ၊ ရွေ့ပြောင်း လုပ်သားများ တွင် အိမ်ထောင်စုရှိပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ရွေ့ပြောင်းလုပ်သားများတွင် အိမ်ထောင်စုမရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ စသည့် လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းများအတွက် သတိပြုလိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ ၏ ရပိုင်ခွင့်၊ လိုက်နာရမည့် တာ၀န်များနှင့် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလမှ စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မေလမှ စက်တင်ဘာလအထိ ပုလောမြို့နယ်တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား ၅၄၅ ဦး၊ မ ၄၂၆ ဦး၊ စုစုပေါင်း ၉၇၁ ဦး နှင့် အိမ်ထောင်စု ၁၇၇ စု လူဦးရေ ၆၈၄ ဦးကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီး၊ ပုလောမြို့နယ်၌ ပန်းခင်း စီမံချက်ဖြင့် ၂၀၂၁ခုနှစ် မေလမှစတင်၍ (၁၈)လ အကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပန်းခင်းစီမံချက်၏ ဆောင်ပုဒ်နှင့်အညီ လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ဆောင်စို့ စသည် တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
နှင်းမြူလွင် (ပလောက်)