ဘောဂလိ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာ ပေး နှိုးဆော်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ဘောဂလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ အနေဖြင့် မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံ ရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် စသည့် အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်အတွင်း လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။