ကော့သောင်း အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အားရပ်ကွက်အလိုက် ဆေးထိုးစု ရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်နှင့် ဘန်းကချွန် ကျေးရွာ ပြည်သူများအား အထက(၁)၊ အဏ္ဏဝါအလယ်တန်းကျောင်းခွဲနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး အဆောက်အဦတို့၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ အမှတ်(၁၃) ကုတင်(၁၀၀) တပ်မတော်ဆေးတပ်ဖွဲ့များ၊ အခြေချစစ်ဗျူဟာအဖွဲ့ (ကော့သောင်း)မှ ဆေးတပ်ဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဌာန ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့(၃)ဖွဲ့ခွဲကာ တစ်ပြိုင်နက် ပူးပေါင်း ထိုးနှံပေးခြင်း ဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော် နှင့် သီလရှင်များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် မြို့နေ ပြည်သူများအပါအဝင် လူဦးရေစုစုပေါင်း (၅၄၂၅) ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီး ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဖြင့် အောက်တိုဘာလ ၁၂ ရက်နေ့အထိ လူဦးရေ(၂၇၀၀၀)ကျော်ခန့်ကို ကာကွယ်ဆေး(၁)ကြိမ် စီ ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးရန်စာရင်းပေးထားသည့် မြို့နေ့ပြည်သူ မည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ယနေ့ ဆေးထိုးနှံရန် စာရင်းပေး သွင်းထားသူ အောင်သုခရပ်ကွက် တွင်(၄၀၀)ကျော်ခန့်၊ ဘုရင့်နောင်ရပ်ကွက်တွင် (၃၀၀) ကျော်ခန့်နှင့် ဘန်းကချွန်ကျေးရွာတွင် (၅၀၀) ကျော်ခန့်ကို ထိုးနှံပေးကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)