ကော့သောင်း အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြရေး လှုံဆော်မြေစိုက်ပိုစတာအား ယမန်နေ့ညနေ ၅ နာရီက မြို့၏အချက်အခြာကြရာ၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံ တွင် စိုက်ထူကြကြောင်း သိရသည်။
ဗီနှိုင်းမြေစိုက်ပိုစတာတွင် အဓိကအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကို-ဗစ် ၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ဟု အသိပေးနှိုးဆော်ထားပြီး ဆေးထိုးမှုလုပ်ငန်းစဉ်တွင် သိသင့်သိထိုက်သည့် သိကောင်းစရာများ၊ ကျောင်းနေအရွယ် ကလေးများအား ဒေသတွင်းနိုင်ငံများဖြစ်သည့် တရုပ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကမ္ဘာဒီးယားနိုင်ငံ များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများဆီသို့ ရှေ့ဆက်လျှောက်လှမ်းကြရေး မြို့နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် နှိုးဆော်အသိပေးထားသည်။
ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများမှ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မကျော်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ပိုစတာစိုက်ထူမှုအား ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ပြည်သူ့ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)