မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အထက်မင်းလှ အောက်တိုဘာ  ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခေတ္တရဲမှူးစိုးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစန်းအောင်က အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့်     အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးနေမှု အခြေအနေများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုးက အသက် ၁၂နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မိဘအုပ်ထိန်းသူ၏ သဘောတူညီချက် လိုအပ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေးက      ကာကွယ်ဆေး ထိုးနှံပေးရေးအတွက် ဆေးထိုးစုရပ်        နေရာတွင် ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်များ၊ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ များ၏ စာရင်းများအား စနစ်တကျရေးသွင်းနိုင်ရေးတို့ကို Power Pointဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ထက်/လယ်/မူကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ ဌာနဆိုင်ရာများက အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက    လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ကျောင်းသူ  ၆၉၄၀ အားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)