ပွင့်ဖြူမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ပွင့်ဖြူ   အောက်တိုဘာ    ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို   ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၄)နေရာခွဲ၍  ဆက်လက် ထိုးနှံပေးနေကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး သတ်မှတ် ဆေးထိုး စုရပ်များအလိုက် ဒေသခံပြည်သူများက စိတ်အေးချမ်းစွာ လာရောက်ထိုးနှံကြရာ ယနေ့ ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၂၁၂၀ ဦးရှိကြောင်း သိရသည်။

ဆေးထိုး စုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေး အတွက်  ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရကာ  အောက်တိုဘာ (၁၀)ရက်နေ့မှ ယနေ့အထိ  ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဦးရေ စုစုပေါင်း ၃၁၅၀ ဦး ရှိပြီဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။

ရဲဝင်းနိုင်