မုံရွာခရိုင်အတွင်း အခြေခံပညာ သင်ကြားလျက်ရှိသော အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှု

မုံရွာ  အောက်တိုဘာ ၁၁

မေး။   မင်္ဂလာပါဆရာမကြီးရှင့်၊ ဆရာမကြီးရဲ့ အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို ပြောပြပေးပါအုံးရှင့်

ဖြေ။    ဟုတ်ကဲ့ပါ၊ ကျမရဲ့အမည်က ဒေါက်တာခင်သူဇာစိန်ပါ၊ မုံရွာခရိုင်ပညာရေးမှူး တာဝန်ထမ်းဆောင်နေပါ တယ်ရှင့်။

မေး။ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေး ထိုးနှံဖို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုသိချင်ပါတယ်ရှင့်။

ဖြေ။    ၁၂နှစ်အထက် အလယ်တန်းဆင့်သင်နှင့် အထက်တန်းဆင့်သင် ကျောင်းသား/ သူစာရင်းပြုစု ဆောင်ရွက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အဆင့်ဆင့်ကို တင်ပြထား ပါတယ်ရှင့်။ မုံရွာခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဦးစီးဌာန၊ အခြားသက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ်(၄)မြို့နယ်မှ မြို့နယ်ပညာရေးမှူး တွေကိုလည်း သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအပ်နှံမှုစာရင်း၊ ကာကွယ်ဆေးထိုးရာမှာလည်း အစဉ်ပြေချောမွေ့စေဖို့ နေရာများရွေးချယ်ခြင်း၊ ကျန်းမာရေး ဦးစီးဌာနမှ သတ်မှတ်တဲ့ နေ့ရက်တွင် ဆေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ရေး တာဝန်ပေးထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးရာမှာ ကူညီဆောင်ရွက်ပေးဖို့ ဆရာ/ဆရာမများနှင့် ပညာရေး ဝန်ထမ်းများကို တာဝန်အလိုက် ဂျူတီချထားခြင်းများ စီစဉ်ဆောင်ရွက်ထားပါတယ်၊ မြို့နယ်အလိုက် လုပ်ငန်းစီမံချက်တွေ  ရေးဆွဲဆောင်ရွက်ဖို့  တာဝန်ပေးထားပြီး ဖြစ်ပါတယ်။

 မေး။  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမဲ့စုရပ်များ သတ်မှတ်ထားတဲ့ အခြေအနေကိုလည်း ပြောပြ ပေးစေလိုပါတယ်ရှင့်။

ဖြေ။ မြို့နယ်အလိုက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာနတို့နဲ့ တိုင်ပင်ညှိနှိုင်းပြီး ကျောင်းသား/ကျောင်းသူများ သွားလာရာတွင် လွယ်ကူစေသော နေရာများနှင့် ကျောင်းမိသားစုအလိုက် အဆင်ပြေချောမွေ့စေသော နေရာများကို စုရပ်အဖြစ် သတ်မှတ်ထားပါတယ်။ တစ်မြို့နယ်လျှင် ပျမ်းမျှစုရပ်(၃)ဖွဲ့နဲ့ ဆောင်ရွက်မယ်လို့ ခန့်မှန်းထားပါတယ်ရှင့်။ ကာကွယ်ဆေးထိုးရာတွင် ကူညီရန်အတွက် တစ်ဖွဲ့လျှင် ဆရာ/ဆရာမ(၇)ဦးခန့် ပူးပေါင်းဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်ထားပါတယ်။

 မေး။  ကျောင်းသား/သူတွေကို စုရပ်တွေအလိုက် ကာကွယ်ဆေးထိုးနှံဖို့နဲ့ ကာကွယ်ဆေး ထိုးနှံရမဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး သိရှိစေဖို့အတွက် အသိပေးဆောင်ရွက်နေမှု အခြေအနေကို ပြောပြပေးပါဦးရှင့်။

ဖြေ။    ကျောင်းသား/သူများ ဆေးထိုးနှံနိုင်ရန်အတွက် စုရပ်သတ်မှတ်ထားသော အ.ထ.က၊ အထက(ခွဲ)ကျောင်းများတွင် ထိုးနှံရမည့် ကျောင်းအမည်စာရင်း၊ ကျောင်းသား/ကျောင်းသူ ဦးရေးစာရင်းများ ခွဲခြားသတ်မှတ်ထားပြီး သက်ဆိုင်ရာ မြို့နယ်များမှာရှိတဲ့ ကျောင်းများ အလိုက် ကြေငြာထားပြီး ရပ်ကွက်/ကျေးရွာတွေကလည်း သိရှိစေဖို့ ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

မေး။ ကျောင်းတွေကိုလည် မကြာမီပြန်ဖွင့်တော့မယ်လို့ သိရှိရပါတယ်။ ကျောင်းတွေ ပြန်ဖွင့်နိုင်ရေးအတွက် ပညာရေးဌာနအနေနဲ့ စီမံဆောင်ရွက်နေတဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။    ကျောင်းဖွင့်နိုင်ဖို့ အရင်ကဖွင့်ခဲ့တဲ့အတိုင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေး စည်းကမ်းချက်များနဲ့အညီ ဖွင့်လှစ်သွားဖို့ ကြိုတင်စီစဉ်ဆောင်ရွက်ထားပါတယ်။ သန့်ရှင်း သပ်ရပ်တဲ့ ကျောင်းများဖြစ်စေရေး စီစဉ်ဆောင်ရွက်ထားဖို့ ညွှန်ကြားထားပါတယ်။

 မေး။ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ ကိုလည်း သိချင်ပါတယ်ရှင့်။

ဖြေ။    မုံရွာခရိုင်အတွင်းမှာရှိတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ ၉၀% ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ပါတယ်။

မေး။   အသက်-၁၂နှစ်အထက်ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့အတွက် ဌာနတွေ၊အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေမှု အခြေအနေ ကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး တိုင်းဒေသကြီး/ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုကူညီရေးအသင်းများ၊ ရပ်ကွက်/ ကျေးရွာများမှ လူငယ်များ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ဌာနဆိုင်ရာ အသီးသီးတို့နဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင်၊ မုံရွာမြို့နယ်မှာ ၂၁၀၀ဦးခန့်၊ ချောင်းဦးမြို့နယ်မှာ ၉၀၀ဦးခန့်၊ ဘုတလင်မြို့နယ်မှာ ၈၀၀ဦးခန့်၊ အရာတော်မြို့နယ်မှာ ၁၄၀၀ဦးခန့် စုစုပေါင်း မုံရွာတစ်ခရိုင်လုံးမှာ ဆေးထိုးပေးရမဲ့ ကျောင်းသားကျောင်းသူ ( ၅၂၀၀)ဦးခန့်ထိ စာရင်းရ ရှိပြီး ဖြစ်ပါတယ်။

မေး။   အသက်၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမဲ့ အစီအစဉ်အပေါ် ဆရာမကြီးရဲ့ ပီတိစကားသံလေးကိုလည်း သိပါရစေရှင့်။

ဖြေ။    ကိုဗစ်-၁၉ရောဂါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တာမို့ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန် တာဖြစ်တဲ့အတွက်  ကျောင်းသား/ကျောင်းသူများအနေနဲ့လည်း ကာကွယ်ဆေး ထိုးနှံသင့်ပါတယ်။ အဲဒီလို ထိုးနှံထားခြင်းဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြီးကို ကလေး၊လူကြီး အကုန်ကာကွယ်ပြီးသားဖြစ်လို့ ကျန်းမာရေးပိုမို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကြီး ဖော်ဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ လူသားအရင်းအမြစ် ဖြစ်တဲ့ ကျောင်းသားလူငယ်များလည်း ကျန်းကျန်းမာမာနဲ့ ပညာသင်နိုင်မှာဖြစ်တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။

မေး။   ဆရာမကြီးအနေနဲ့ ကျောင်းသား/သူလေးတွေကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးမဲ့ အစီအစဉ်အတွက် ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောပြပေးပါဦးရှင့်။

ဖြေ။    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးနှံပေးမှာ ဖြစ်တဲ့အတွက် ကျွန်မတို့နိုင်ငံမှာ အားလုံးနီးပါး ကာကွယ်ဆေးထိုးနှံမှသာ ကိုဗစ်-၁၉ရောဂါကို ကာကွယ်နိုင်ပြီး ပျော်ရွှင်ဖွယ် ကောင်းသော အနာဂါတ်ဖြစ်ပေါ်စေဖို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အားလုံးထိုးနှံသင့်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ-ဒေါ်စိုးစိုးဝင်း

ဓာတ်ပုံ- ထွန်းကိုကို