ဘားအံ အောက်တိုဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ရင်း(အောက်)ကျေးရွာအုပ်စု၊ စိမ့်ပိုင်း (ကနစိုးကုန်း) ကျေးရွာတွင် ဗုံးခိုကျင်းအတွင်း သိမ်းဆည်းထားသည့် စားသောက်ကုန်နှင့်အဝတ်အထည်များ ဆင်းယူရာမှ သေဆုံးခဲ့ကြသည့် မိသားစုဝင်(၄)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်က ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ပြုလုပ်ရာ ကျန်ရစ်သူမိသားစုများက လက်ခံရယူခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးစိုးလွင်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကိုတို့က လူသားချင်းစာနာထောက်ထားမှုဖြင့် နှစ်သိမ့်အားပေးစကားများပြောကြားခဲ့ကြပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များဘဝ ဆက်လက်ရပ်တည်နိုင်ရေးနှင့် သေဆုံးသူများကို ရည်စူး၍ ကောင်းမှုကုသိုလ်အလှူဒါနများ ပြုလုပ်ပေးနိုင်ရေးအတွက် ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ရှေ့မှောက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငွေကျပ်(၁၀)သိန်းကို ကျန်ရစ်သူမိသားစုဝင် နန်းငွေရှင် ထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က ကော့ရင်းအောက်ကျေးရွာအုပ်စု စိမ့်ပိုင်း(ကနစိုးကုန်း)ကျေးရွာနေ ဒေါ်တင်လှိုင် အပါအဝင် မိသားစု(၄)ဦးသည် လွန်ခဲ့သည့် ၃ လခန့်က ခြဆေးဖြန်း ထားသည့် အနက် ၆ ပေ၊ အကျယ် ၁၄ ပေပတ်လည်နှင့် အဝင်ဝ ၂ ပေပတ်လည်ခန့်ရှိ ဗုံးခိုကျင်းအတွင်း သိမ်းဆည်းထားသည့် ဆန်နှင့်အဝတ်အစားများကို ဆင်းယူရာမှ အောက်ဆီဂျင်ပြတ်ကာ အသက်ရှူမွန်းကြပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)