ပေါက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အသက်၁၈နှစ် ပြည့်ပြီးသူများအား တတိယအသုတ် ပထမ အကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်စကားခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ် နေရာဖြစ်သည့် ပေါက်မြို့အခြေခံပညာ အထက်တန်းကျောင်း ဗိုလ်စကား ခန်းမ၌ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက် ပေးလျက်ရှိသည်။
ဆေးထိုးစုရပ်သို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေး အတွက် ကာကွယ် ဆေးမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များက အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် တတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၃၃၅ ဦးဖြစ်ကြောင်း ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ဥမ္မာကျော်