ထားဝယ် အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ စတုတ္ထလှိုင်းဖြစ်ပွားလာပါက ကာကွယ်နိုင်ရန်အတွက် ပြည်သူ လူထုအား လိုအပ်သောအသိပညာပေးမှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ စတုတ္ထလှိုင်းဖြစ်ပွားလာပါက ကြိုတင်ကာကွယ်လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ Volunteer များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းပြီး ဆောင်ရွက်နိုင်ရန်ခေါ်ယူဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ စတုတ္ထလှိုင်းမဖြစ်ပေါ်သေး သော်လည်း ပြည်သူများအားအသိပညာပေးလုပ်ငန်းများဆက်လက် ဆောင်ရွက်ပေးစေလိုကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်ဆီဂျင်ထုတ်လုပ်မှုအနေဖြင့် အတိုင်းအတာတစ်ခုအထိ လုံလောက်နေပြီးဖြစ်ကြောင်း၊ Quarantine Center များကိုဌာနဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ပြင်ဆင်ထားရန် လိုကြောင်း၊ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာပြီဖြစ်သော်လည်း Volunteer များ မွေးထုတ်ပြီးစနစ်တကျဖွဲ့စည်းထားရန် လိုအပ်ကြောင်း၊ Volunteer များသည် ကိုယ်ကျိုးအနစ်နာ ခံပြီးလုပ်ဆောင်ကြသူများဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ် ရေးသုံးပစ္စည်းများဝယ်ယူ စုဆောင်း ထားရန် လိုအပ်ကြောင်း၊ကျောင်းနေအရွယ် အသက်(၁၂)နှစ်နှင့်အထက် ကလေးများ အားကိုဗစ် ကာကွယ်ဆေးထိုးနိုင်အောင်စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းတက်နေချိန်တွင်ကိုဗစ်၁၉ ရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် တက်ညီ လက်ညီပူးပေါင်းကူညီလုပ်ဆောင် ပေး ရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်လူမှုရေးအဖွဲ့များက ဒေသအတွင်းကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
(တိုင်းဒေသကြီးပြန်/ဆက်)