ခင်ဦးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာ ညိှနှိုင်းရွေးချယ်

ခင်ဦး အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေး နှစ် (၆) လ ဘတ်ဂျတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာများအား ညိှနှိုင်းရွေးချယ်နိုင်ရေးအတွက် အောက်တိုဘာလ ၁၁ ရက် မွန်းလွှဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးမှူး ဦးညီညီဦးက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရွေးချယ်ရာတွင် ဦးစားပေး ရွေးချယ် ရမည့် အချက်များကို ရှင်းလင်း ပြောကြား သည်။

ထိုသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာရွေးချယ်ရာတွင် ကျေးရွာပေါင်း (၇၃) ရွာမှ လက်ပံလှကျေးရွာ၊ သရက်ပင်စုကျေးရွာ၊ ကင်းပြစ်ကျေးရွာ၊ တမုတ်ကျေးရွာတို့ကို ရွေးချယ်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် ခွင့်ပြုရန် ပုံငွေကျပ် သိန်း(၁၀၀) ဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးဝေအောင်