မြင်းမူ အောက်တိုဘာ ၁၁
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ မြောက်ပိုင်းရပ်ကွက် စိုက်ခင်းအတွင်း စိုက်ပျိုးထားရှိသည့် စက်တွန့် သခွားသီးများမှာ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်ကာ ရောင်းဝယ်မှု ဈေးကွက် ရှိခြင်းကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စက်တွန့်သခွား(၁)ဧက စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၃)သိန်းခန့် ကုန်ကျကြောင်း၊ ပင်ကြား/တန်းကြားအနေဖြင့် ၁၃ပေခွဲနှင့်၃ပေထားရှိရကြောင်း စိုက်ပျိုးပြီး(၄၅)ရက်အကြာတွင် အသီးများခူးယူရရှိကာ (၂)ရက်ခြားတစ်ကြိမ် အလုံး(၂၀၀၀) ခူးယူရရှိနိုင်ကြောင်း၊ အပင်သက်တန်း ကုန်ဆုံးသည်အထိ စက်တွန့် သခွားအလုံး (၁၅၀၀၀)ကို ခူးယူရောင်းချနိုင်ကြောင်း၊ ဝယ်လိုအားနှင့် ဈေးကွက်ရှိသော သီးနှံဖြစ်သောကြောင့် တောင်သူအများအပြား စိုက်ပျိုးကြကြောင်း သိရသည်။
ယခင်နှစ်က စက်တွန်းသခွားထွက်ရှိမှု နည်းခဲ့သော်လည်း တစ်လုံးလျှင်ငွေကျပ်(၂၅၀) ထိရောင်းချရကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးသူများပြား လာသောကြောင့် ဈေးကွက်တွင် သခွားသီး(၁)လုံးလျှင် (၇၅)ကျပ်သာဈေးရရှိကြောင်း၊ သို့ရာတွင် အထွက်နှုန်းပိုမို ကောင်းမွန် သောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများ ဝင်ငွေပုံမှန်ရရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)