ကျွန်းစု အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်အထက်ရှိသူများအား အောက်တိုဘာလ(၁၀)ရက်နေ့မှစ၍ ကျွန်းစုမြို့နယ် အားကစားခန်းမနှင့် ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်နေရာအသီးသီး၌ ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ အသီးသီးမှ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ကျွန်းစုမြို့နယ်တွင် လူဦးရေ(၇၀၀၀)ဦးအတွက် Sinopharm (CHINA) ထုတ် ကိုဗစ်ကာကွယ်ဆေး ရရှိခဲ့ပြီး အောက်တိုဘာလ(၁၀)ရက်နေ့တွင် ပထမအကြိမ် လာရောက်ထိုးနှံသူ စုစုပေါင်း (၈၉)ဦး ရှိပြီး ယနေ့တွင် တာရပိုင်းကျေးရွာ၊ ကတန်ကျေးရွာနှင့် ကျွန်းစုမြို့ပေါ်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)