ဘားအံ အောက်တိုဘာ ၁၁
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဘားအံခရိုင် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်တာဝန်ခံ အရာရှိ ဒေါ်စိုးစိုးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခြေခံမူ(၈) ရပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီးတာဝန် (၇) ရပ်၊ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် မသန်စွမ်းသူ (၄၆၁၆) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် ငွေကျပ် ၄၆၁၆၀၀၀၀၀ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၅၇၉၂) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၃) သောင်းနှုန်းဖြင့် ငွေကျပ် ၁၇၃၇၆၀၀၀၀၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တွင် (၆၉၃၂) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၃) သောင်းနှုန်းဖြင့် ငွေကျပ် ၂၀၇၉၆၀၀၀၀ ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)